စစ်တွေ ရွှေမင်းဂံ ရေတပ်စခန်းကို AA လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံ ရေတပ်စခန်းကို အာရက္ခတပ်တော် (ULA/AA) က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး ရေတပ်စခန်း ဝန်းကျင်၌ နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရွှေမင်းဂံ ရေတပ်စခန်း အနီးဝန်းကျင်၌ အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့များတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်ရှိ ဒေသခံ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်က “တိုက်ပွဲတွေက အခုလပိုင်းမြို့နဲ့ ပိုပြီးနီးကပ်လာတယ်။ ရွှေမင်းဂံနား တဝိုက်က စစ်တပ်ရေယာဉ် တွေကို အေအေပစ်တဲ့ လက်နက်ကြီး ထိတယ်လို့သိရတယ်။ စစ်တပ်ကလည်း ရေတပ် သင်္ဘောတွေက အေအေရှိနိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွှေမင်းဂံ အောက် ဘက်ပိုင်း နဲ့ ပုဏ္ဏားကျွန်းဘက် အခြမ်းတွေကနေ မြို့နဲ့နီးအောင် အေအေတက်လာနေတယ်” ဟု ပြောသည်။

လက်ရှိတွင် ရွှေမင်းဂံ ရေတပ်စခန်းအနီး မေယုမြစ်ဘေး အနီးတဝိုက်ရှိ ချောင်းနွယ်မင်းဂံ၊ ရဲရိုးပြင်နှင့် ရေချမ်း ပြင် ရွာဘက်တို့၌ နှစ်ဖက်တပ်များ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပြင်းထန်စွာ တိုက်ခိုက်လျက် ရှိသည်။

စစ်အုပ်စုတပ်၏ ရေတပ်သင်္ဘောများသည် ရွှေမင်းဂံအနီး မြစ်အတွင်းနှင့် ဆတ်ရိုးကျ ချောင်းဝတို့တွင် နေရာယူ ထားပြီး အတွဲလိုက်ဒုံးများ အသုံးပြု၍ ခုခံတိုက်ခိုက်လျက် ရှိသည်။

စစ်တွေမြို့တွင်းသို့ စစ်ရေး နီးကပ်လာမှုနှင့် ပတ်သက်၍ အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ပါဒလိတ် တပ်ရင်းတွေထဲကို အေအေက ပြီးခဲ့တဲ့အပတ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဗိုလ်မှူးအဆင့်တွေပါ ကျတယ်လို့ သတင်းထွက်တယ်။ အခု ရွှေမင်းဂံ ရေတပ်စခန်းကို စစ်မြူနေပြီ။ ချောင်းနွယ်မင်းဂံဘက်က ထိုးစစ်လုပ်လာတာ။ ရဲရိုးပြင်ဘက်ကနေ မြို့ထဲဘက်ကို အေအေက တအိအိ ဖြည်းဖြည်းချင်း စစ်နယ်ချဲ့လာ နေတယ်” ဟု ပြောပြောသည်။

ထို့ပြင် စစ်တွေမြို့ မြောက်ဘက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ၄ မိုင်ကျော်အကွာ ပါဒလိတ်ရွာရှိ ခလရ (၂၃၂)၊ ခမရ (၃၄၄)၊ အမှတ် (၁၀) ပညာရေးသင်တန်းကျောင်းနှင့် အမှတ် (၃၄၃) စစ်လက်နက်ပစ္စည်းတပ်ခွဲ စသည့် စစ်အုပ်စုတပ်စခန်းများကိုပါ ULA/AA ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေသည်။

လက်ရှိတွင် ULA/AA သည် အမြင့်ကျွန်း၊ ရေချမ်းပြင်၊ ကံ့ကော်ကျွန်း ဝန်းကျင်ရှိ စစ်အုပ်စုတပ်စခန်းများကို မြေပြင် ထိုးစစ်ဆင်နေပြီး ရွှေမင်းဂံ ရေတပ်ဝန်းကျင်နှင့် ငတောက်တက် ဝန်းကျင်တို့၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိသည်။

စစ်တွေမြို့နယ်အတွင်း စစ်အုပ်စုတပ်စခန်း ၁၀ ခုထက်မနည်းကို ၂ လအတွင်း ULA/AA ဘက်က ထိန်းချုပ်ထား ခဲ့ပြီး တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများ ရှိနေသဖြင့် ဒဏ်ရာရသူများကို စစ်တွေ ပြည်သူ့ဆေးရုံ ကြီးနှင့် စစ်ဆေးရုံများတွင် ဆေးကုသမှု ပေးနေရသည်။

ဓါတ်ပုံ – (၂၀၂၆ ခုနှစ်၊ ဩဂုတ်လက ရခိုင်ပြည်မြောက်ပိုင်း ပင်လယ်ပြင်အတွင်း စစ်ကြောင်းလှုပ်ရှားနေသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ / )