ကျန်ရှိနေဆဲ မလေးပြန် ရခိုင်များ ပြန်ထုတ်ရန် သိန်းရာဂဏန်းထိ တောင်းဆိုနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

မလေးရှားမှ ပြန်ပို့ခံရပြီး သန်လျင် သာသနာ့ဗိမာန်၌ ထိန်းသိမ်းခံထားရသည့် ရခိုင်တိုင်းရင်းသားများကို စစ်အုပ်စုတပ်နှင့် ပျူစောထီးများက ကျပ်သိန်းတစ်ရာကျော်အထိ တောင်းခံနေသည်။

ထို့ပြင် ၎င်းတို့အား စစ်မှုထမ်းရန် ရောင်းစားမည့် အန္တရာယ်များနှင့်လည်း ရင်ဆိုင်နေရကြောင်း ဒေသခံများနှင့် ရန်ကုန်ရောက် ရခိုင်အသိုင်းအဝိုင်းက ဆိုသည်။

မလေးရှားမှ ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးအနက် ရခိုင်တိုင်းရင်းသား ၄၂၉ ဦး ပါဝင်သည်။ ၎င်းတို့အနက် ၂၁၇ ဦးကို သန်လျင် သာသနာ့ဗိမာန်၌လည်းကောင်း၊ ကျန် ၂၁၂ ဦးကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ခန်းမ၌လည်းကောင်း ထိန်းသိမ်းထားသည်မှာ တစ်လကျော်ပြီ ဖြစ်သည်။

လက်ရှိတွင် သန်လျင် သာသနာ့ဗိမာန် ဝန်းကျင်၌ စစ်အုပ်စုတပ်နှင့် ရဲများက အရပ်ဝတ်ဖြင့် စောင့်ကြည့်နေပြီး လာရောက်ဆက်သွယ်သူများအနက် ရခိုင်တိုင်းရင်းသားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ထိန်းသိမ်းခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ သန်လျင် ဒေသခံ ရခိုင်အမျိုးသားတစ်ဦးက “သာသနာ့ ဗိမာန်နားကို အခုဘယ်သူတွေ စုံစမ်းဖို့သွားလို့ရလဲ။ နောက်တစ်ခုက ဘယ်နှစ်ယောက်လွတ်ပြီးလဲ အတိအကျ တစ်ခုမှ မသိရဘူး၊ သတင်းအမှောင်ပဲ။ သိချင် ဆက်သွယ်ချင်ရင် သန်လျင် လူမိုက်အဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို ဘုရားကုန်းနားမှာ စကားပြော၊ သူတို့က စစ်တပ် အရာရှိနဲ့ချိတ်ပေးတယ်၊”  ဟုပြောသည်။

သူက ဆက်ပြီး  “ရခိုင်တွေကိုလာထုတ်တဲ့ သူရဲ့ပြော စကားနဲ့အနေအထားပေါ်မူတည်ပြီး သိန်း ၃၀ ကနေ တစ်ကျော်အထိတောင်းနေတာ ဘယ်သူမှထုတ်လို့ရတယ်၊ ငွေပေးရတယ်မပြောရဲဘူး။ အခုသတင်းထွက်လာတာ ပျူနဲ့အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး ရခိုင်တွေကို စစ်မှုထမ်းဖို့ရောင်းတဲ့အဆင့်အထိ ရောက်လာပြီ” ဟု ပြောသည်။

မလေးပြန် ရခိုင်တိုင်းရင်းသားအချို့ကို သန်လျင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာကျော်နှင့် အမှုထမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ဇင်လတ်တို့ ပူးပေါင်းကာ စစ်မှုထမ်းရန် ရောင်းစားမှုများ ပြုလုပ်နေ ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

စစ်မှုထမ်း အဖြစ် ရောင်းစားနေသည်ဆိုသည့် စွပ်စွဲချက်နှင့် ပတ်သက်၍ သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးခြား အတည်ပြုချက် မရရှိသေးပါ။

ထိန်းသိမ်းခံထားရသူများကို အစားအသောက် မဝရေစာသာ ကျွေးမွေးထားပြီး ပြင်ပမှ လာရောက်လှူဒါန်း ကျွေးမွေးလိုသည့် ကမ်းလှမ်းချက်များကိုလည်း လက်မခံဘဲ ငြင်းပယ်ထားသည်။

သန်လျင် သာသနာ့ဗိမာန်နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက “ရခိုင်တွေကို ထောင်သားတွေလိုထားတယ်၊ မင်း တို့ အကုန်စစ်မှုထမ်းရမယ်၊ အသက်ကြီးရင်ထမင်းချက် မင်းတို့ အေအေဘာကယ်နိုင်လဲ ဆိုပြီး ညဘက် မူးလာ ရင် စစ်သားတွေက ဆူတယ် ဆဲတယ်။ အရက်ဖိုး Kpay နဲ့ လွဲဖို့တောင်းတယ်။ မနက်ကျတန်းစီ သန့်ရှင်းရေး လုပ်၊ မိသားစုက အချက်အလက် အပြည့်အစုံနဲ့ လာခေါ်ရင်ထုတ်ပေးတယ်ဆိုတာ ပျူစောထီး လူမိုက်တွေနဲ့ ဆက်သွယ်မှ ရတာ။ သူတို့က ပွဲစားတွေ လာထုတ်တာ တော်တော်ရှားတယ်။ အခု ၂ လ အတွင်း အကုန်စစ်မှု ထမ်း ပို့တော့မယ်လို့ ကြားတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း လှိုင်သာယာ (အနောက်ပိုင်း) ၌ ထိန်းသိမ်းထားသူများအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သည် ဟု စစ်အုပ်စုက ဆိုသော်လည်း အမှန်တကယ်တွင် အာမခံပေးနိုင်သူရှိပြီး ကျပ်သိန်း ၅၀ အထိ ပေးနိုင်သူများကိုသာ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ငွေကြေး မပေးနိုင်သည့် ကျန်ရှိသူများကိုမူ စစ်အုပ်စုတပ်က ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က မလေးရှားမှ နေရပ်ပြန်ပို့ခံရသူများအနက် ၃၀၀ ခန့်မှာ ရန်ကုန်မြို့ရှိ စစ်ဘက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ဖမ်းဆီးခံထားရဆဲဟူသော သတင်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံထံမှ ရှင်းလင်းချက် တောင်းခံသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဓါတ်ပုံ – (မလေးရှားမှ ပြန်လာသည့် ရခိုင်တိုင်းရင်းများအား တွေ့ရစဉ်။ / Original uploader)