မကွေးတိုင်း မင်းတုန်းမြို့နယ်တွင် စစ်အုပ်စုတပ် ပိတ်ဆို့ခံရပြီး တိုက်ပွဲပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းမှတစ်ဆင့် ရခိုင်ပြည်နယ်၊ မအီမြို့သို့ စစ်အုပ်စုတပ်က ဝင်ရောက် ရန် ကြိုးပမ်းခဲ့သဖြင့် တလိုင်းတောင် ကျော်လမ်း၌ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။
အဆိုပါ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းသည် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ သဖန်ရောင်နှင့် တလိုင်းတောင် ရိုးတောင်ကျော်လမ်းအတိုင်း ရခိုင်ပြည်နယ် မအီမြို့ဘက်သို့ စစ်ကြောင်းထိုး လာပြီး ယာယီစခန်းများ ချထားရာ AA နှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “တိုက်ပွဲတွေက ငကုန်းနဲ့ ကံကြိုးအနီးမှာဖြစ်တာ အေအေနဲ့တပ်ပေါင်းစုက တလိုင်းတောင်ကျော်လမ်းမှာ နည်းနည်းလွတ်ထားပြီး အတွင်းဝင်လာမှာတိုက်တော့ စစ်တပ်ကျတယ်၊ သဖန်ရောင်နဲ့ တလိုင်းတောင်ကျော်လမ်းတွေအတိုင် ရခိုင်မအီဘက်ကို တက်လာတာ လမ်းပြ တွေ ဒေသခံပေါ်တာသမားတွေပါတယ်၊ တချို့တပ်စိပ်တွေ ပြန်လှည့်ပေမယ့် တချို့က အေအေပိုင်နက်ထဲ ရောက်သွားပြီး ပိတ်ဆို့ခံလိုက်ရပြီ” ဟု ပြောသည်။
ကံကြိုးရွာနှင့် ငကုန်းရွာကြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နောက်ဆုတ်သွားသည့် စစ်အုပ်စု စစ်ကြောင်းကို AA နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်စိတ်အချို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း ရခိုင်ရိုးမ AA ထိန်းချုပ်နယ် မြေအတွင်းသို့ ရောက်ရှိသွားသည့် အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုတပ်မှာ ပိတ်ဆို့ခံထားရပြီး အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။
မင်းတုန်းဒေသက အခြား စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးကလည်း “မင်းတုန်းမှာ တစ်မြို့လုံး စစ်သားတွေ ရောက်နေတာလေ။ ထွက်ပြေတာ ဒဏ်ရာရတာတွေရှိသလို အခု ရခိုင်ရိုးပေါ်ကို လစ်ရင်လစ်သလို စစ်ကြောင်း ထိုးတာ အေအေနဲ့ ပူးပေါင်းတပ်ကလည်း အပေါ်က နေရာယူထားတယ်။ လေကြောင်းကလည်း ပြစ်ကူပေး နေ တယ်။ အဲ့ဘက်အစပ်တွေကို ဒေသခံတွေမသွားနိုင်တာကြာပြီး စစ်တပ်ကရိုးခြေရင်နဲ့ ၂ မိုင်အကွာကတည်းက ပိတ်ထားတယ်” ဟု ပြောသည်။
လက်ရှိတွင် သဖန်ရောင်နှင့် တလိုင်းတောင် လမ်းပိုင်းတို့၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်အုပ်စု ဘက်မှ လေကြောင်းပစ်ကူအချို့ အသုံးပြုနေရကာ အာရက္ခတပ်တော် AA ဘက်ကလည်း လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ သည်။
စစ်အုပ်စုသည် တလိုင်းတောင်-သဖန်ရောင် ကျော်လမ်းအတိုင်း စစ်ကြောင်းထိုးနေသည်မှာ ၁ နှစ်ခန့် ရှိလာပြီ ဖြစ်သော်လည်း ရခိုင်ရိုးမပေါ်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။
မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်အုပ်စုသည် အင်အား ၁,၀၀၀ ကျော်ခန့်ဖြင့် ထိုးစစ်ဆင်နေပြီး AA ထိန်းချုပ်ထားသည့် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်း၊ အမ်းမြို့နှင့် မအီမြို့တို့ကို ပြန်လည်ထိန်း ချုပ်ရန်အတွက် အမ်း-ပဒန်း လမ်းအတိုင်း စစ်ကြောင်းထိုးလျက်ရှိသည်။
(Photo – Credit to original uploader)