ကချင်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုကြောင့် အရပ်သား ထိခိုက်မှုများပြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

ကချင်ပြည်အတွင်း အောက်တိုဘာလမှစ၍ နိုဝင်ဘာလဆန်းအထိ စစ်အုပ်စုတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ အကြား မြို့နယ်အသီးသီး၌ တိုက်ပွဲများ အရှိန်မြင့်တက်နေပြီး စစ်အုပ်စုက အထိနာကာ စခန်းအချို့ လက် လွှတ်ရသဖြင့် အရပ်သားနေရာများကို ပစ်မှတ်ထားကာ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်လျက်ရှိသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် အင်းတော်တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ တပ်ဖွဲ့ဝင် ၅၀ ကျော်၏ အလောင်းများကို စွန့်ပစ်ခဲ့ရသည့်အပြင် ဗန်းမော်၊ မံစီ၊ ခေါင်လန်ဖူး၊ ဖားကန့်၊ ကောင်ဂျာယန်၊ ကချင်-စစ်ကိုင်း အစပ်က အင်းတော်နှင့် ရှမ်းမြောက်ဒေသ မိုးမိတ်မြို့နယ်တို့၌လည်း KIA ပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် စစ်အုပ်စု စခန်းအချို့နှင့် SNA စခန်း ၂ ခု သိမ်းပိုက်ခံခဲ့ရသည်။

တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်တစ်ဦးက “ရွှေကူ-ဗန်းမော်ဘက်လည်း ဆက်တိုက်ဖြစ်တယ်။ ဒီနောက်ဆုံး ပတ်ထဲဆိုရင် ဖားကန့်ဘက်လည်း ဆက်ဖြစ်နေတယ်။ နောက်ပြီးတော့ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် – မံစီ – မိုးမောက် တစ်ကြောက မိုးမောက်မြို့အထက်ပေါ့နော် အဲ့မှာရှိနေတဲ့ မြို့သစ်တံတားကို ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ Y-12 နဲ့ ဗုံးကြဲသွားတယ်။ မြို့သစ်တံတား ဗုံးထိမှန်ပျက်စီးသွားတာ ရှိပါတယ်” ဟု ပြောသည်။

စစ်ရေးအရှိန် မြင့်တက်လာမှုကြောင့် ရွှေကူ-ငအိုး လမ်းမကြီးကို သွားလာခြင်းမပြုရန် သတိပေးထားရသလို၊ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်တွင် တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ဈေးများပါ ပိတ်ထားရသည့်အထိ နိုဝင်ဘာလအတွင်း စစ်ရေးတင်းမာမှုများ ဆက်လက် ကူးစက်လာနေသည်။

မြေပြင်တွင် စစ်ရေးအရ အသာစီးမရတော့သည့် စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် ဦးလှည့်ကာ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်လာနေသည်။

ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Kachin Human Rights Watch (KHRW) ၏ နိုဝင်ဘာ ၂ ရက် ထုတ်ပြန်ချက်အရ အောက်တိုဘာလတစ်လတည်း၌ပင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှု ၃ ကြိမ်၊ KBC ခရစ်ယာန်ဘုရားကျောင်း မီးရှို့မှု ၁ ကြိမ် ကျူးလွန်ခဲ့သဖြင့် အရပ်သား ၂ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရရှိကာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၂၀ ထက်မနည်း အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရသည်။

ဖြစ်စဉ်များအနေဖြင့် ဖားကန့်မြို့နယ် ကုဋေ၊ မှော်ဆီစာနှင့် လုံးခင်းကျေးရွာတို့တွင် စစ်အုပ်စု၏ ပစ်ခတ်မှုများ ကြောင့် ဒေသခံများ ဒဏ်ရာရရှိခဲ့သလို၊ ဗန်းမော်မြို့နယ် ၃ မိုင်ကျေးရွာရှိ လူနေအိမ်များနှင့် KBC ဘုရားကျောင်း တို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထို့ပြင် မြစ်ကြီးနားမြို့ နောင်နန်းရပ်ကွက်၌ ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ရွှေကူမြို့နယ် စီသာကျေးရွာအနီး ဈေးတန်းနှင့် မန်နားရွာတို့ကို ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရသည်။ အထူးသဖြင့် မိုးမောက်မြို့နယ် တာပိန်မြစ်ကူး ကြိုးတံတားနှင့် သံဘောင်တံတားတို့ကို စစ်အုပ်စုက တိုက်ပွဲမရှိ ဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့၍ အရပ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြေပြင်မှ ဒေသခံတစ်ဦးက “ရှေ့တန်းမှာ စစ်တပ်က အထိနာပြီး စခန်းတွေ ပါသွားလေလေ၊ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်၊ လေယာဉ်နဲ့ လာကြဲလေပဲ။ အခုဆို ဘုရားကျောင်းရော၊ တံတားတွေပါ ဖျက်ဆီးခံရတယ်။ တံတားကိုပါ ဖျက်ဆီးတော့ လမ်းပန်းဆက်သွယ် ရေးတွေပါ ပြတ်တောက်ကုန်ပြီ။ အထူးသဖြင့်တော့ ကလေးတွေနဲ့ အမျိုးသမီးတွေက သနားစရာ။ အကုန်လန့် နေကြတယ်” ဟု ပြောသည်။

စစ်အုပ်စု၏ ဤလုပ်ရပ်များသည် ဂျီနီဗာ သဘောတူညီချက်နှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေ (IHL) များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် စစ်ရာဇဝတ်မှုများ ဖြစ်ကြောင်း KHRW က ထောက်ပြထားသည်။

သို့ဖြစ်ပါ၍ ကချင်ပြည်အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်နိုင်ရန် စစ်အုပ်စုအပေါ် ထိရောက်သည့် အရေးယူပိတ်ဆို့မှုများ ချက်ချင်း လုပ်ဆောင်ရန်၊ လေကြောင်းတိုက်ခိုက်မှုများမှ အရပ်သား များကို ကာကွယ်ပေးရန်နှင့် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ အမြန်ဆုံး အကောင်အထည်ဖော်ပေး ရန် KHRW က နိုင်ငံတကာ အသိုက်အဝန်းထံ တိုက်တွန်းထားသည်။

ဓါတ်ပုံ – (လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြို့သစ်တံတား / Credit to original uploader)