ဖားကန့်တွင် လက်နက်ကြီးကြောင့် ကလေးငယ် အပါအဝင် အရပ်သားများ ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်။
ကချင်ပြည်၊ ဖားကန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး လက်နက်ကြီးကျည်ကြောင့် ကလေးငယ် အပါအဝင် အရပ်သားများ ထိမှန်ဒဏ်ရာ ရခဲ့သည်။
ဖားကန့်မြို့နယ်တွင် ယနေ့ မေလ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ စစ်တပ်နှင့် (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျေးရွာများထဲ ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိမြေပြင်အခြေအနေနှင့် ပတ်သက်၍ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက “တိုက်ပွဲက မနေ့ညကတည်းက စဖြစ်နေတာ။ ဒါပေမယ့် ဒီရက်ပိုင်းက ဆက်တိုက်ဖြစ်နေတာလို့ ပြောလို့ရတယ်။ ဒီကနေ့မနက်မှ ပိုပြင်းထန် လာတာ။ ကုဋေရွာက အမျိုးသားတစ်ယောက်တော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ လယ်ပြင်မှာလည်း ကလေးတစ်ယောက် ထိတယ်။ သူကတော့ မစိုးရိမ်ရ ဒဏ်ရာရထားတယ်။ လောလောဆယ်တော့ ကျနော်တို့ အတည်ပြုနိုင်တာ အဲ့ဒီ ၂ ယောက်ပဲ။ ကျန်တဲ့ ထိခိုက်မှုတွေ ရှိနိုင်ပါသေးတယ်” ဟု ပြောသည်။
ယနေ့ နံနက် ၅ နာရီခွဲခန့်မှ စ၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ဂေါက်ကွင်းနှင့် သင်္ချိုင်းနေရာများတွင် တပ်စွဲထားသည့် စစ်တပ်စခန်းများကို KIA နှင့် ကချင်ဒေသ ပြည်သူ့ ကာကွယ်ရေး တပ် KPDF ပူးပေါင်းတပ်များက ဒရုန်းများအသုံးပြု၍ စတင်တိုက်ခိုက် ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။
တနေကုန်နီးပါး လက်နက်ကြီး၊ လက်ငယ် ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဒေသအတွင်း ဆက်တိုက် ကြားနေ ရသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲအတွင်း စစ်တပ်၏ တပ်မကုန်းဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာတွင် ကုဋေကျေးရွာ လမ်းဆုံ၌ အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လယ်ပြင်ကျေးရွာ၌လည်း ကျည်ကျရောက်ခဲ့သဖြင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် လုံးခင်းကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ဘုရားကျောင်းအတွင်းသို့လည်း လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
တိုက်ပွဲကြောင့် လုံးခင်းကျေးရွာမှ ဒေသခံအချို့မှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများသို့ သွားရောက် စစ်ရှောင် နေကြရသည်။
အလားတူ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ ညနေပိုင်းကလည်း ဖားကန့်-ကာမိုင်း လမ်းပိုင်းရှိ တံတားညီနောင်ဂိတ်နှင့် ပျားအုံကျေးရွာကြားတွင် အရပ်သားကားတစ်စီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။
ဖားကန့်-ကာမိုင်း လမ်းပိုင်းကို စစ်ရေးအခြေအနေများကြောင့် KIA ဘက်က ဧပြီလ ၂၂ ရက်နေ့မှစတင်ကာ ယာယီ ပိတ်ထားသော်လည်း လမ်းပိုင်းဖြတ်သန်းသည့် အရပ်သားကားများကို စစ်တပ်ဘက်က ပစ်ခတ်သဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူသေဆုံးမှုနှင့် ဒဏ်ရာရမှုများ ဆက်တိုက်ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။
တော်လှန်ရေး အင်အားစုများဘက်ကလည်း ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိပြု ကြရန် သတိပေးနှိုးဆော်ထားသည်။