သတင်းလွတ်လပ်ခွင့် ဆက်လက် ကျဆင်းနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်။
မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အခြေအနေမှာ ဆက်လက်ကျဆင်းနေပြီး သတင်းသမားများသည် စစ်အုပ်စု၏ ဘက်ပေါင်းစုံမှ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) က ပြောသည်။
မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က “ကမ္ဘာ့လွတ်လပ်ခွင့် အစီရင်ခံစာကနေစရမယ်ဆိုရင် အခုအခြေအနေ က သတင်းထောက်လုပ်ရတာ အဆိုးရွားဆုံး အခြေအနေ ဖြစ်နေပါတယ်။ RSF ရဲ့ စာတမ်းကို ကြည့်လိုက်တာနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့် အကျဆုံးနှစ်လို့ ပြောသွားပါတယ်။ မြန်မာပြည်ကတော့ အလွန်မှစိုးရိမ်စရာ အကောင်းဆုံး သတင်းရယူခွင့်နဲ့ ပတ်သက်ရင် အဆိုးရွားဆုံး ဖြစ်နေ သေးတယ်။ အဲ့လိုပဲ ဥပဒေနဲ့ ပတ်သက်ရင်လည်း မီဒီယာတွေကို မီဒီယာဥပဒေနဲ့ ဖမ်းတာမဟုတ်ဘဲနဲ့ အကြမ်း ဖက်ပုဒ်မတို့ တခြားမဆိုင်တဲ့ ဥပဒေပုဒ်မတွေနဲ့ ဖမ်းတယ်” ဟု ပြောသည်။
၂၀၂၆ ခုနှစ် အစောပိုင်းတွင် စစ်တပ်ဘက်က သတင်းသမားများကို အသစ်ထပ်မံဖမ်းဆီးခြင်း မရှိတော့ သော်လည်း ၎င်းမှာ သတင်းလွတ်လပ်ခွင့် တိုးတက်လာခြင်းမဟုတ်ဘဲ ဖိနှိပ်မှုပုံစံ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်ဟု အသံအဖွဲ့၏ အစီရင်ခံစာက သုံးသပ်ထားသည်။
စစ်အုပ်စုသည် နိုင်ငံတကာသတင်းဌာနအချို့ကို ကန့်သတ်ချက်ဖြင့် ခွင့်ပြုပေးခြင်းနှင့် အကျဉ်းသားအချို့ကို လွှတ်ပေးခြင်းဖြင့် ၎င်းတို့၏ တရားဝင်မှုကို ဟန်ပြလုပ်ဆောင်နေသော်လည်း လက်တွေ့တွင် လိုင်စင်ပိတ်သိမ်း ခြင်းနှင့် ထောက်လှမ်းစောင့်ကြည့်ခြင်းများဖြင့် မီဒီယာများကို ပြင်းထန်စွာ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ CJ Platform အယ်ဒီတာချုပ် ကိုမင်းသူဝင်းထွဋ်က အသံအဖွဲ့က မေလ ၂ ရက်နေ့တွင် လုပ်ခဲ့သည့် စကားဝိုင်းတွင် ယခုကဲ့သို့ ပြောသည်။
“စစ်အုပ်စုကတော့ ကျနော်တို့ မီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးထားတာကတော့ အားလုံးအသိပဲ ဖြစ်တယ်ပေါ့။ ကျနော်တို့ကိုယ်တိုင်လည်း သတင်းတွေကို ဗရမ်းဗတာ ထုတ်လုပ်နေကြတာ မဟုတ်ဘူးပေါ့ နော်။ မီဒီယာဆိုတာ ကျနော်တို့ ပြည်သူနဲ့ အုပ်ချုပ်သူတို့ နှစ်ခုကြားထဲကို ပေါင်းကူးပေးတဲ့ ပေါင်းကူးတံတား တစ်ခုဖြစ်တယ်ပေါ့နော်။ ဒါကို ကျနော်တို့ အပေါ်မှာ နားလည်ဖို့ လိုအပ်ပါတယ်။”
စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၆ ခုနှစ် မေလအထိ မတရားဖမ်းဆီးခံခဲ့ရသည့် မီဒီယာသမား ၂၁၆ ဦး ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၁၃ ဦးမှာ သေဆုံးခဲ့ရကာ ၉ ဦးမှာ စစ်အုပ်စု၏ လက်ချက်ကြောင့် ဖြစ်သည်။
၂၀၂၆ ခုနှစ် မတ်လအတွင်း ၇ ဦးနှင့် ဧပြီလတွင် ၁ ဦး ပြန်လည်လွတ်မြောက်လာပြီးနောက် လက်ရှိတွင် သတင်းသမား ၁၈ ဦး အကျဉ်းထောင်အသီးသီး၌ ကျန်ရှိနေဆဲဖြစ်သည်။
အကျဉ်းကျခံနေရသူများအနက် ဓာတ်ပုံသတင်းထောက် မြတ်သူကျော်မှာ အင်းစိန်အကျဉ်းထောင်အတွင်း ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခံနေရပြီး၊ ကိုစိုင်းဇော်သိုက်မှာလည်း အရေးပေါ် ဆေးကုသမှု လိုအပ်နေ ကြောင်း IPCM က အသိပေးထားသည်။
သတင်းသမားများသည် စစ်အုပ်စုအပြင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများကို လည်း ရင်ဆိုင်နေရကြောင်း အသံအဖွဲ့က ထောက်ပြထားသည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် ဒေသများတွင်လည်း သတင်းသမားများကို အကာ အကွယ်ပေးမည့် ဥပဒေများ ဖော်ဆောင်သင့်ကြောင်း ကိုမင်းသူဝင်းထွဋ်က တိုက်တွန်းထားသည်။
“စစ်အုပ်စုဖမ်းဆီးသလိုမျိုးပဲ သူတို့အတွက်ကို မလိုက်ရင် ငါ့ဘက်မလိုက်ရင် မင်းလူမိုက်ဆိုတဲ့ ပုံစံမျိုးတော့ ကျနော်တို့ မဖြစ်စေချင်ဘူးပေါ့နော်။ ဒီဒေသတွင်းကို အုပ်ချုပ်နေတဲ့သူတွေ အကုန်လုံး ဘက်စုံပေါ့နော် အားလုံးကလည်း မီဒီယာ လွတ်လပ်ခွင့်ကို ဘယ်လိုပဲဖြစ်ဖြစ် ပေးနိုင်ဖို့ ဒါလေးတစ်ခုကိုလည်း ဒီနေရာကနေ တောင်းဆိုချင်တယ်။”
သျှမ်းသံတော်ဆင့် သတင်းဌာနမှ မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ်ကလည်း လွတ်လပ်သော မီဒီယာသည် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်ကြောင်း ယခုကဲ့သို့ ပြောသည်။
“ဒီမီဒီယာသာ မရှိဘူးဆိုရင် ကျနော်တို့ ပြည်နယ်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အမှုတွေလည်း ကျနော်တို့ ဖော်ထုတ်နိုင်မှာမဟုတ်တဲ့အတွက် ဒါ့ကြောင့် ကျနော်တို့ ဒီမီဒီယာကို ဆက်ပြီးတော့ လွတ်လွတ် လပ်လပ် သတင်းတွေ ဖော်ပြလို့ရအောင် အဖက်ဖက်ကလည်း ကူညီပေးစေချင်တယ်။”
လက်ရှိတွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၈၀ အနက် အဆင့် ၁၆၆ တွင် ရှိနေပြီး သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်။
အာဆီယံ နိုင်ငံများအတွင်းတွင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်မှာ ဒုတိယမြောက် အဆိုးဆုံးဖြစ်နေသည်။
ဗြိတိန်နှင့် နယ်သာလန်သံရုံးများကလည်း မြန်မာသတင်းသမားများကို ချက်ချင်းလွှတ်ပေးရန်နှင့် လွတ်လပ်သော မီဒီယာများကို အကာအကွယ်ပေးရန် ဆက်လက်တောင်းဆိုထားကြသည်။