သတင်းသမားများ အလုပ်လုပ်ရာတွင် ပဋိပက္ခ အခြေအနေများက အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။ 

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း သတင်းထောက်များ အတွက် ဘေးကင်းလုံခြုံရေးနှင့် သတင်း လွတ်လပ်စွာ ရယူခွင့်ရရှိရေးသည် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်နေကြောင်း လွတ်လပ်သော မြန်မာ သတင်းမီဒီယာ ကောင်စီ (IPCM) က သတိပေး ပြောကြားလိုက်သည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံရသည့် နိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး၊ စစ်ကော်မရှင် ထိန်းချုပ်ရာ ဒေသများသာမက တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေအချို့တွင်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် သတင်းလုပ်ငန်း လွတ်လပ်စွာ လုပ်ကိုင်ခွင့် ကန့်သတ်ခံနေရသည်ဟု ဆိုသည်။

IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က လုံခြုံရေး အကြောင်းပြချက်နဲ့ လွတ်လပ်စွာ သတင်းယူခွင့် တစ်ချို့ နေရာတွေမှာ မရှိပါဘူး။ သတင်းသမားတွေ သတင်းရယူပိုင်ခွင့်ကို လုံလုံခြုံခြုံနဲ့ အထူးသဖြင့်တော့ နှစ်ဖက်စလုံးမှာပါပဲ စစ်ကောင်စီအုပ်ချုပ်တဲ့ နေရာကော တခြား တော်လှန်ရေးအုပ်စု အုပ်ချုပ်တဲ့ နေရာတွေ မှာပါ ပြောတာပါ။ ဥပမာ – အညာလို ဒေသမှာလည်း ပသုံးလုံးနဲ့ကြားမှာ သတင်းရယူဖို့ အခက်အခဲ အများကြီး ရှိတယ်လို့ မြေပြင်သတင်းတွေက ပြောပါတယ် ဟု ပြောသည်။

မြေပြင်တွင် သတင်းရယူနေသည့် ကရင်နီအခြေစိုက် အမျိုးသမီးသတင်းထောက် တစ်ဦးကလည်း ပဋိပက္ခ ဒေသများအတွင်း ကြုံတွေ့ရသည့် အခက်အခဲကို ယခုကဲ့သို့ ပြောသည်။

စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ သတင်းယူဖို့ သွားတဲ့အခါမှာဆိုရင် ကျမတို့ တပ်ရင်းတပ်ဖွဲ့ အများကြီးနဲ့ ကြုံရတယ်ပေါ့နော်။ သူတို့က ဒီဟာကို မယူပါနဲ့ ဒီဟာကို မလုပ်ပါနဲ့ ကိုယ့်ကို ပြောလိုက်လို့ရှိရင် ကိုယ့်မှာ တခြားရွေးချယ်စရာ မရှိဘူးပေါ့နော်။ အဲ့လို ကြုံရတဲ့အခါဆိုရင် စိတ်ထဲမှာ နည်းနည်း အောင့်လာတယ် ပြီးရင် ကြောက်လာတယ်။

ပြီးခဲ့သည့်ကာလအတွင်း သတင်းမီဒီယာသမားများ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများနှင့် ဖမ်းဆီးမှု များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 

၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် အရာတော်မြို့နယ်၌ အမျိုးသမီးသတင်းထောက် မငြိမ်းချမ်းစုကြည် ကိုယ်ထိ လက် ရောက် စော်ကားခံခဲ့ရသလို၊ ၂၀၂၅ ခုနှစ်အတွင်း၌လည်း မောင်တောအခြေစိုက် သတင်းထောက် မမုဒြာကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ 

ထို့ပြင် အလွတ်တန်း သတင်းထောက် မဆွတ်ရိန်ပန် (ခေါ်) ဆွမ်ကိုလည်း စစ်ကော်မရှင်က ပုဒ်မအမျိုးမျိုးဖြင့် ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခဲ့သည်။

စစ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း စစ်ကော်မရှင်၏ ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သတင်းသမား ၇ ဦး သေဆုံးခဲ့ရပြီး ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ 

လက်ရှိ ဇန်နဝါရီလ ဒုတိယပတ်အထိ သတင်းသမား ၂၇ ဦး (အမျိုးသမီး ၅ ဦးအပါအဝင်) မှာ အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်သည်။ ၎င်းတို့အနက် ၁၄ ဦးမှာ ထောင်တစ်သက် အပါအဝင် နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ခံထားရသည်။

ဦးတိုးဇော်လတ်က ရှေ့လျှောက် ရွေးကောက်ပွဲအလွန် မီဒီယာကဏ္ဍတွေကတော့ စိန်ခေါ်မှုတွေ ပိုများပါမယ်။ အဲ့အတွက် သတင်းမီဒီယာ သမားတွေရဲ့ လုံခြုံရေး လွတ်လပ်စွာ သတင်းရရှိရေး အဲ့ဒါတွေကို ကြိုးစားလုပ်ကိုင် သွားတဲ့ အခါမှာ အထူးသဖြင့် လွတ်မြောက်နယ်မြေမှာ အုပ်ချုပ်နေတဲ့ တော်လှန်ရေး အဖွဲ့အသီးသီးရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ကျနော်တို့အနေနဲ့ အဓိက ညှိနှိုင်းဆောင်ရွက်ဖော်ဆောင်သွားမယ် ဟု ရှေ့လုပ်ငန်းစဉ်ကို ပြော သည်။

IPCM အနေဖြင့် သတင်းသမားများ လုံခြုံစွာ သတင်းရယူနိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC၊ တအာင်းတပ်မတော် TNLA၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ချင်းညီနောင် (Chin Brotherhood) စသည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ဆက်လက် လုပ်ဆောင် သွားမည်ဟု ဆိုသည်။

ထို့ပြင် IPCM ၏ ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ညီလာခံကို တက်ရောက်လာသော ကိုယ်စားလှယ်များက မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ၂၇ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ် ပေးရန်နှင့် သတင်းသမားများအပေါ် ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက်ခြင်းများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ 

လက်နက်ကိုင်ပဋိပက္ခကြားတွင် သတင်းသမားများ လုံခြုံစွာသတင်းရယူပိုင်ခွင့်ကို အာဏာပိုင်များက လေးစား အသိအမှတ်ပြုရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း လွတ်လပ်သော မြန်မာသတင်းမီဒီယာများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။

ဓာတ်ပုံ – RFA (ပုံဟောင်း)