တနှစ်အတွင်း ရန်ကုန်တိုင်း၌ စစ်ကော်မရှင်၏ ဖမ်းဆီးမှု ခံရသူ ၂၀၀၀ ကျော်ရှိ။ ၁၅၀၀ နီးပါး ပျောက်ဆုံးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကော်မရှင်၏ မတရား ဖမ်းဆီး ခြင်းခံရသူ စုစုပေါင်း ၂,၀၃၅ ဦးအထိ ရှိခဲ့ကြောင်း Rangoon Scout Team (RST) အဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ ဖမ်းဆီးမှုများသည် ကိုကိုကျွန်းမြို့နယ်မှအပ ကျန်ရှိသည့် မြို့နယ် ၄၄ ခုလုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းရန်အတွက် လမ်းပေါ်တွင် ဖမ်းဆီးခြင်း၊ နေအိမ်များအထိ လိုက်လံရှာဖွေခြင်းနှင့် နိုင်ငံရေးအရ စွပ်စွဲ ဖမ်းဆီးခြင်းများ ပါဝင်နေသည်။
RST မှ သတင်းအချက်အလက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက “လူ ၂,၀၃၅ ဦးက ဖမ်းဆီးခံရတဲ့ လူဦးရေ စုစုပေါင်းပါ။ စစ်မှုထမ်းအတွက် လမ်းပေါ် လိုက်ဆွဲတာတွေကော၊ စာရင်းနဲ့ အိမ်ထိလိုက်ရှာဆွဲတာတွေကော ပါပါတယ်။ အဲ့အပြင် တော်လှန်ရေးအလုပ်တွေ လုပ်လို့၊ စစ်တပ်ကို ဝေဖန်လို့၊ ရွေးကောက်ပွဲကို ဝေဖန်လို့ စသဖြင့် စွပ်စွဲပြီး ဖမ်းတာတွေလည်း ပါပါတယ်ဗျ” ဟု ပြောသည်။
မှတ်တမ်းများအရ ဖမ်းဆီးခံရသူ ၂,၀၃၅ ဦးအနက် ၂၈၂ ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၂၉၄ ဦးမှာ အကျဉ်း ထောင်များနှင့် စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံခဲ့ရသည်ဟု RST က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ကျန်ရှိသည့် ၁,၄၅၉ ဦးမှာမူ မည်သည့်နေရာသို့ ရောက်ရှိနေမှန်းမသိဘဲ ယနေ့တိုင် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အထူးသဖြင့် စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃၉၃ ဦးရှိသည့်အနက် ၁၇၇ ဦးမှာ စစ်သင်တန်း ကျောင်းများသို့ ရောက်ရှိသွားခဲ့ကြောင်း RST က ဖော်ပြသည်။
အဆိုပါ စစ်မှုထမ်းရန် ဖမ်းဆီးခံရသူများထဲမှ ၂၉ ဦးမှာ ငွေကြေးဖြင့် ပြန်လည်ရွေးချယ်နိုင်သဖြင့် လွတ်မြောက် လာခဲ့ပြီး ၁၅ ဦးမှာမူ ကိုယ်တိုင် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြသည်။
RST တာဝန်ရှိသူက “စစ်မှုထမ်းအတွက် ဖမ်းခံရတဲ့ စာရင်းက ကျနော်တို့ လူရင်းတွေဆီက သိရတာကော၊ မီဒီယာသတင်းတွေကော ပါပါတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးလိုက်နိုင်တာတွေရော အဲကနေ သိရတာပေါ့နော်။ အဲ့ ဖြစ်စဉ်တွေကလည်း ကာယ ကံရှင်တွေနဲ့ နီးစပ်သူတွေဆီက သိရတာနဲ့ မီဒီယာသတင်းတွေကနေ ဒေတာယူထား တာပါ။ ကျနော်တို့ သိရ သလောက် ဒေတာတွေပါ။ မြေပြင်နဲ့တော့ အနည်းငယ်ကွာနိုင်ပါတယ်။ ဒီစာရင်းထက် တော့ မလျော့နိုင်ပါဘူး” ဟု ဆက်လက်ရှင်းပြသည်။
၂၀၂၅ ခုနှစ်အတွင်း စစ်မှုထမ်းအပတ်စဉ် ၉ မှ ၂၀ အထိ ခေါ်ယူခဲ့ရာတွင် ရန်ကုန်တိုင်းအတွင်း၌ အပတ်စဉ် ၁၂ ခုစာအတွက် လူဦးရေ ၆,၀၀၀ ခန့်အထိ စစ်မှုထမ်းရန် စုဆောင်းဖမ်းဆီးခံခဲ့ရနိုင်သည်ဟု RST က ခန့်မှန်းထား သည်။
ရန်ကုန်သည် လူဦးရေ အများဆုံးရှိရာ ဒေသဖြစ်သဖြင့် အခြားပြည်နယ်နှင့် တိုင်းများထက် အဖမ်းအဆီး ပိုမိုများပြားနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
မြို့နယ်အလိုက် ဖမ်းဆီးမှုများတွင် သာကေတမြို့နယ်သည် လူဦးရေ ၁၅၀ ဝန်းကျင်ဖြင့် အများဆုံးဖြစ်ပြီး၊ မြောက်ဒဂုံမြို့နယ်တွင် ၁၁၀ ဝန်းကျင်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ လှိုင်နှင့် တာမွေမြို့နယ်တို့တွင်လည်း တစ်မြို့နယ်လျှင် လူ ၁၀၀ နီးပါးခန့်စီ ဖမ်းဆီးခံခဲ့ရကြောင်း ဆိုသည်။
ယခုထုတ်ပြန်သည့် စာရင်းတွင် ခိုးဆိုးလုယက်မှု၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများကြောင့် ဖမ်းဆီးခံရသူများ မပါဝင်ဘဲ စစ်ကောင်စီကို ဆန့်ကျင်မှုနှင့် အကြောင်းမဲ့ မတရားဖမ်းဆီးခံရသူများကိုသာ သီးသန့်ကောက်ယူ ထား ခြင်းဖြစ်ကြောင်း RST က ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့နေ လူငယ်များမှာ လမ်းပေါ်ထွက်ရန်ပင် လုံခြုံမှုမရှိတော့ဘဲ စစ်ဘေးအန္တရာယ်၏ ခြိမ်းခြောက်မှုအောက်တွင် ရှင်သန်နေထိုင်နေကြရသည်။