ဖယ်ခုံ စစ်ရှောင်များအတွက် တဲများ အရေးပေါ် လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း အိမ်ငှားခမပေးနိုင်၍ အိမ်ရှင်များ၏ နှင်ထုတ်ခြင်းကို ခံနေရသည့် ထပ်ဆင့် စစ်ဘေးရှောင်များအတွက် နေထိုင်ရေးစစ်ရှောင်တဲများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းတွင် ဖယ်ခုံမြို့နယ်၊ ဘောရန်မြောက် စလုံးကျေးရွာအား စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တို့ ဝင်ရောက်စီးနင်းခဲ့မှုကြောင့် စတင်ထွက်ပြေး ခဲ့ကြရသူများဖြစ်ပြီး၊ ယခုအခါ စစ်ကြောင်းထိုးမှုများကြောင့် တစ်နေရာမှတစ်နေရာသို့ အဆင့်ဆင့် တိမ်းရှောင် နေကြရခြင်း ဖြစ်သည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဖြစ်သည့် Dove KK မှ တာဝန်ခံ ကိုနိုင်းနိုင်းက “ဘောရန်မြောက်စလုံး ပွဲကတည်း က ရှောင်လာရတာပါ။ စားနပ်ရိက္ခာလည်း လိုအပ်တယ်။ အခုနေရာမှာတော့ သူတို့အတွက် ၆၀ ရာခိုင်နှုန်း လောက် လုံခြုံပါတယ်။ ဓာတ်ဆီအခက်အခဲကြောင့်လည်း သစ်တွေ ဝါးတွေ သယ်ဖို့ ခက်နေပါတယ်” ဟု လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေကို ပြောပြသည်။
လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ တိုးပွားလာခြင်း၊ အိမ်ငှားခများ ဈေးကြီးမြင့်လာခြင်းနှင့် ငွေကြေးမတတ်နိုင် သဖြင့် အိမ်ရှင်များက နှင်ထုတ်ခြင်းများ ကြုံတွေ့နေရသည့်အတွက် ကိုယ်ပိုင်စစ်ရှောင်တဲများ အမြန်ဆုံး ဆောက်လုပ်ရန် လိုအပ်နေခြင်းဖြစ်သည်။
တဲတစ်လုံးလျှင် မြန်မာငွေ ၆ သိန်းကျပ်ခန့် ကုန်ကျမည်ဖြစ်ပြီး စုစုပေါင်း တဲအလုံး ၅၁ လုံးအထိ အရေးပေါ် လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။
စစ်ဘေးရှောင်များ၏ ရပ်တည်ရေးနှင့်ပတ်သက်၍လည်း ကိုနိုင်းနိုင်းက “အရမ်း စာနာဖို့ကောင်းတယ်ဗျာ့။ အလုပ်ခေါ်တဲ့သူရှိရင် လုပ်ကြတယ်။ လက်သမားတို့၊ တောင်ယာတို့ပေါ့။ မရှိရင် အလုပ်ကိုင်မရှိဘူးဗျ။ သူတို့ကျွမ်းကျင်တဲ့ ရွာပတ်ဝန်းကျင်မဟုတ်တော့” ဟု ရှင်းပြသည်။
၎င်းတို့ ယခင်နေထိုင်ခဲ့သည့် ကျေးရွာများတွင် စစ်ကော်မရှင်နှင့် PNA တပ်များက တပ်စွဲထားဆဲဖြစ်သဖြင့် နေရပ်ပြန်ရန်မှာ အချိန်ကာလကြာမြင့်ဦးမည် ဖြစ်ကြောင်း စစ်ရှောင်များက ဆိုသည်။
ထို့ပြင် မတ်လ ၇ ရက်နေ့မှစတင်ကာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ဘက်သို့ စစ်ကော်မရှင်တပ်များ ထပ်မံ စစ်ကြောင်း ထိုးလာခြင်းကြောင့် အနီးနားရှိ ကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
အဆိုပါ စစ်ရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လိုအပ်နေသည်ဟု ဆိုကြသည်။