ဓါးစာခံများ ကယ်တင်ပြီးနောက်ပိုင်း စစ်ကော်မရှင်က စစ်ရေးလှုပ်ရှားမှုများ ပိုမို လုပ်ဆောင်လာ
သတင်းနှင့် မီဒိယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲတွင် စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားမှုများကို ယခင်ကထက် ပိုမို လုပ်ဆာင်လာနေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်။
စစ်ကော်မရှင်တပ်က ဖမ်းဆီးထားသည့် ပြည်သူများကို မကြာသေးမီက တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်ကယ်တင်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းတွင် စစ်ကော်မရှင်ဘက်က အာဃာတဖြင့် စစ်ရေးအရှိန် ပိုမို မြှင့်တင်လာခြင်းဖြစ်ကြောင်း ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီ KRC က သုံးသပ်သည်။
ကျောက်ကြီးမြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားမှုများ ယခင်ကထက် ပိုမိုတိုးမြှင့်လာပြီး ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ လုပ်ဆောင်လျက်ရှိနေသည်။
လက်ရှိကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (KRC) တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“လက်ရှိ ကျောက်ကြီးမြို့နယ်အတွင်းမှာတော့ စစ်ကော်မရှင်ရဲ့ စစ်ရေးအခြေအနေကတော့ လှုပ်ရှားမှု နည်း နည်း ပိုများတယ်လို့ သိရတယ်နော်။ ပိုပြီးတော့မှလည်း ရမ်းသမ်းပစ်ခတ်မှုတွေလည်း လုပ်နေတယ်။ အဲဒီ ထူးခြားတဲ့ ရေတွင်းကုန်းအနီးအနားတစ်ခွင်မှာ အခုဆိုရင်လည်း သူတို့တပ် အင်အားတိုးချဲ့တာတွေလည်း တွေ့ရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှစတင်ကာ စစ်ကော်မရှင်တပ်သည် ရေတွင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ အင်အားတိုးချဲ့ ဝင်ရောက်လာပြီး ဒေသခံပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ လူသားဒိုင်းကာ ပြုလုပ်ခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန် နေခြင်း ဖြစ်သည်။
လက်ရှိတွင် ကျေးရွာများအတွင်းသို့ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေ သဖြင့် ရေတွင်းကုန်းအုပ်စုနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။
စစ်ကော်မရှင်တပ်၏ လုပ်ရပ်များသည် စစ်ဆင်ရေးထက် လုယက်ဖျက်ဆီးသည့် လုပ်ရပ်များဖြစ်နေကြောင်း KRC ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ရှုတ်ချထားသည်။
“စစ်တိုက်တာမဟုတ်ဘူး၊ ဓမြတိုက်တာနဲ့တူတယ်ပေါ့နော်။ ကျနော့်အနေနဲ့ ကျနော်တို့ ပြည်တွင်းစစ်ကို ဒီလိုမျိုး လုပ်ရပ်တွေကတော့ လူမဆန်တဲ့ လုပ်ရပ်တွေ၊ ကျနော်တို့ကတော့ လုံးဝရှုတ်ချတယ်။ သူရဲ့လုပ်ရပ်က လူမဆန်တဲ့လုပ်ရပ်ကို စစ်တိုက်နေတာနဲ့ မတူတော့ဘူး။ ကျနော်တို့ ပြည်သူတွေက ဓမြတိုက်နေတာနဲ့ တူတယ်။ အဲဒီအပေါ်မှာကတော့ သူတို့ရဲ့ ထိုးစစ်ဆင်လာတဲ့ ဒီကျေးရွာတွေကို လုယက်သတ်ဖြတ်တယ်။ လုယက်တယ်၊ ပြီးတော့ ပစ္စည်းတွေ သိမ်းသွားတယ်။ ပြီးတော့မှ ပြန်လွတ်ပေးတဲ့သူတွေ ရှိခဲ့သော်လည်း ငွေကြေးတွေ တောင်းခံတယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
ကျောက်ကြီးမြို့နယ်သည် ကေအန်ယူ (KNU) တပ်မဟာ (၃) နယ်မြေဖြစ်ပြီး စစ်ကော်မရှင်တပ်က နယ်မြေ စိုးမိုးရေးအတွက် အင်အားသုံး ကြိုးပမ်းနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည့် အလားအလာ ရှိနေသည်။
ကျောက်ကြီးမြို့နယ်အတွင်း၌ သာမက မြန်မာတစ်နိုင်ငံလုံးတွင် ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက် နေသည့် စစ်ကော်မရှင်တပ်ကို နိုင်ငံတကာ အနေဖြင့် ထိရောက်စွာ အရေးယူပေးရန်နှင့် တောတောင်များ အတွင်း ပိတ်မိနေသည့် စစ်ဘေးရှောင်များ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးပေးအပ်ရန် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ (KRC) က အရေးပေါ် တောင်းဆိုထားသည်။