စစ်ကော်မရှင် လက်နက်ကြီးကြောင့် သားအဖ ၂ ဦးသေ၊ သားအမိ ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သားအဖနှစ်ဦး သေဆုံးပြီး သားအမိနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် အကြောင်း မဲ့ ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အလုပ်သမားမိသားစုဝင် သားအဖနှစ်ဦး သေဆုံးကာ သားအမိနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အလုပ်သမားတစ်ဦးက တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်တာ ပါ။ မိသားစု ၅ ယောက်မှာ အဖေလုပ်တဲ့သူနဲ့ ၁၅ နှစ်အရွယ် သမီးအကြီးဆုံးတို့ နှစ်ယောက်လုံး နေရာမှာတင် ဆုံးသွားတယ်။ သားအလတ်နဲ့ အမေဖြစ်သူကတော့ ဒဏ်ရာတွေနဲ့ ဆေးကုနေရတယ်။ ကံကောင်းတာက လသားအရွယ် သားအငယ်ဆုံးလေးကတော့ ဘာမှမဖြစ်ဘဲ လွတ်သွားတယ် ဟု ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကလိန်အောင်မြို့အနီးရှိ ရာဖူးရွာဟောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီ၏ ပူးပေါင်းစစ်ကြောင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ လက်နက်ကြီးကျည်များသည် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်သည့် ရော်ဘာခြံအတွင်းရှိ အလုပ်သမားနေအိမ်ပေါ်သို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကြီးများကို ရာဖူးကျေးရွာဟောင်းတွင် အခြေစိုက်ထားသည့် စစ်ကော်မရှင်၏ ခလရ ၂၈၂၊ ၂၇၃ နှင့် ခမရ ၄၀၈၊ ၄၀၉၊ ၄၁၀ ပူးပေါင်းစစ်ကြောင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ရာဖူးကျေးရွာအနီးတွင် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား ထိတွေ့တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း၊ ယခု သားအဖနှစ်ဦး သေဆုံးသည့်ဖြစ်စဉ်မှာမူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အချိန်တွင် အကြောင်းမဲ့ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ရေး-ထားဝယ် ကားလမ်းမကြီးပေါ်၌ တည်ရှိသည့် ရာဖူးကျေးရွာ၏ တစ်ဖက်တစ်ချက်စီတွင် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ကိုယ်စီနေရာယူထားကြပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။ 

စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံရွာသားများမှာ လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့် နေကြသည်။

#တနင်္သာရီတိုင်း #ရေဖြူမြို့နယ် #ကလိန်အောင်မြို့ #ရာဖူးရွာ #ထားဝယ်ခရိုင်