ကျောက်တော်ကို လေယာဉ်အုပ်လိုက် ဗုံးကြဲ၊ စက်သေနတ်ဖြင့်ပစ်၊ အရပ်သား ၇ ဦးထက်မနည်း သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်ရာ ရပ်ကွက်များကို စစ်တပ်က တိုက်လေယာဉ် အများအပြား ဖြင့် တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၇ ဦးထက်မနည်း သေဆုံး သွားခဲ့သည်။
ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် စစ်တပ်က ဂျက်တိုက်လေယာဉ် ၅ စီးထက်မနည်း အသုံးပြုကာ ကုလားတန်မြစ် ဝဲယာရှိ လူနေရပ်ကွက်များနှင့် ဈေးများကို ပစ်မှတ်ထား၍ ဗုံးအလုံးရေ ၂၀ ထက်မနည်း ဆက်တိုက် ကြဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လမ်းမတော်ရပ်ကွက်၊ ပိုက်သည်ရပ်ကွက်နှင့် ရွာမရပ်ကွက်တို့ရှိ ဈေးဆိုင်ခန်း ၂၀ ကျော်၊ လူနေအိမ်များနှင့် ဂိုဒေါင်များ ထိခိုက်ပျက်စီးကာ မီးလောင်ကျွမ်းခဲ့သဖြင့် အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရ၏ မီးသတ်တပ်ဖွဲ့က လာရောက်ငြိမ်းသတ်ခဲ့ရသည်။
ကျောက်တော်မြို့ခံတစ်ဦးက “လေယာဉ် ၅ စီး၊ ၆ စီးလောက်နဲ့ တစ်ပြိုင်တည်း လာကြဲတာဗျာ။ တစ်စီးပြီးတစ်စီး ဆက်တိုက်ပဲ။ ဗုံးသီးတွေက လူတွေအများကြီးရှိတဲ့ ဈေးနားနဲ့ အိမ်တွေပေါ် တည့်တည့်ကျတာ။ မြေကြီးတွေပါ တုန်နေတာပဲ။ ကလေးငယ်လေးတွေပါ သေတာ မျက်မြင်တွေ့ရတော့ ရင်ထဲ တော်တော် ဝမ်းနည်းရပါတယ်” ဟု ပြောသည်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကစ္စပနဒီဈေးအနီးနှင့် လမ်းမတော်ဈေးအဝိုင်းတွင် အရပ်သားပြည်သူ ၇ ဦး၏ ရုပ်အလောင်းများကို ကနဦး တွေ့ရှိထားရပြီး၊ ဒဏ်ရာအပြင်းအထန် ရရှိထားသူ ၁၀ ဦးထက်မနည်း ရှိနေသဖြင့် သေဆုံးသူအရေအတွက် ယခုထက် ပိုမိုတိုးလာနိုင်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ခန့်မှန်းထားကြသည်။
ထို့ပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပါ ရမ်းသန်းပစ်ခတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
အခြားဒေသခံတစ်ဦးက “ဗုံးကြဲရုံတင်မကဘူး၊ စက်သေနတ်တွေနဲ့ပါ ဝဲပြီး ပစ်သွားတာ။ ပေါက်ကွဲသံတွေေ ကော သေနတ်သံတွေကော ဆက်တိုက်ပဲ။ အိမ်တွေ၊ ဆိုင်တွေလည်း မီးလောင်ကုန်တယ်။ လမ်းမတော်ဘက်မှာ လူအသေအပျောက် ပိုများတယ်။ အခြေအနေက တော်တော်လေး ကြောက်ဖို့ကောင်းနေပါတယ်” ဟု ပြော သည်။
သေဆုံးခဲ့ရသူများအနက် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ စစ်ဘေးရှောင်လာသည့် အသက် ၄ နှစ်အရွယ် မောင်မြတ်ငြိမ်းကျော်နှင့် ၎င်း၏ မိခင် မစိုးစန္ဒာ (၂၄ နှစ်)၊ စစ်တွေမြို့နယ် သံပြင်ရွာမှ စစ်ဘေးရှောင် ဦးစောအေးမောင်တို့အပြင် ကျောက်တော်ဒေသခံ အသက်ကြီးပိုင်း အရပ်သားအချို့ ပါဝင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ အတည်ပြုနိုင်ခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တို့မှလွဲ၍ ကျန်ဒေသအများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက်ပိုင်း စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ယခင် ထက် ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာနေသည်။
ကျောက်တော်မြို့နယ်အတွင်း ဇွန်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေကြောင်းဗုံးကြဲမှုနှင့် ပတ်သက်၍ စစ်တပ် ဘက်ကော အာရက္ခတပ်တော် (AA) ဘက်ကပါ တစ်စုံတစ်ရာ တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိသေး သော်လည်း၊ AA ဘက်ကမူ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို သတိပြုကြရန် နှိုးဆော်ထားသည်။
ဓါတ်ပုံ – Wai Hun Aung