တစ်ဖက်သတ် နယ်မြေတောင်းဆိုမှုများက ပဋိပက္ခဖြစ်စေနိုင်ကြောင်း UKSC သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ကူကီးလူမျိုးတို့၏ သမိုင်းဝင် ဘိုးဘွားပိုင်နယ်မြေများကို ဌာနေလူမျိုးစု များ၏ ဆန္ဒမပါဘဲ တစ်ဖက်သတ် ထည့်သွင်းတောင်းဆို ဆွေးနွေးမှုများသည် ဒေသတွင်း လူမျိုးရေးပဋိပက္ခများ ကို ဦးတည်စေနိုင်ကြောင်း ကူကီးပြည် သွေးစည်းညီညွတ်ရေး ကောင်စီ (United Kuki State Council – UKSC) က သတိပေးလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော် မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံစဉ် ဟုမ္မလင်း၊ ခန္တီး၊ ကလေး နှင့် တမူး ဒေသများကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထည့်သွင်းရန် ဆွေးနွေးခဲ့သည့်အပေါ် UKSC က တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

UKSC ၏ ထုတ်ပြန်ချက်တွင် မိမိတို့၏ ဘိုးစဉ်ဘောင်ဆက် သမိုင်းဝင်ပိုင်နက်များကို အခြားလူမျိုးတစ်မျိုး၏ ပိုင်နက်အောက်သို့ ထည့်သွင်းသိမ်းပိုက် တောင်းဆိုခြင်းကို လုံးဝလက်ခံနိုင်မည်မဟုတ်ကြောင်းနှင့် သမိုင်းအမှန်တရားများကိုလည်း အလေးထားဖို့ လိုအပ်ကြောင်း ထောက်ပြထားသည်။

ထိုကဲ့သို့ ကာယကံရှင် ကူကီးလူမျိုးများ၏ ဆန္ဒကို လျစ်လျူရှုကာ တစ်ဖက်သတ် ဆွေးနွေးနေမှုများနှင့် ပတ်သက် ၍ UKSC တာဝန်ရှိသူ ဂျော့ရှူဝါ ဟွောက်ကစ် (ပ်) က ယခုကဲ့သို့ ပြောသည်။

၂၀၀၈ အခြေခံဥပဒေမှာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ဖွဲ့စည်းတုန်းကလည်း ကျနော်တို့ ကူကီးလူမျိုး တွေရဲ့ ဆန္ဒမပါဘဲနဲ့ လေရှီးဒေသတွေကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲ ထည့်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန် မှာလည်း ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကျနော်တို့ နယ်မြေတွေကိုပါ ထည့်သွင်းဆွေးနွေးတာ ကြားလို့ ချက်ချင်း စာထုတ်ပြန် တုန့်ပြန်ရတာ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့်မို့ ကျနော်တို့ ဒီဒေသမှာ ရှမ်းနီ၊ နာဂ၊ ကူညီးတွေကြားမှာ ပဋိပက္ခဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။

ဗြိတိသျှကိုလိုနီခေတ် ‘သွေးခွဲအုပ်ချုပ်ခြင်း’ မူဝါဒနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်၏ နယ်မြေစီမံခန့်ခွဲမှုများကြောင့် ကူကီးလူမျိုးတို့သည် မိမိတို့နယ်မြေတွင် လူနည်းစုအဖြစ်သို့ ရောက်ရှိခဲ့ရသည့် သမိုင်းကြောင်းများ ရှိခဲ့သည်။

အထူးသဖြင့် ၁၉၆၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထိုစဉ်က တော်လှန်ရေးကောင်စီအစိုးရ ပြုလုပ်ခဲ့သည့် ‘ခါတော်မီစစ်ဆင်ရေး’ သည် ကူကီးကျေးရွာပေါင်း ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရကာ လူဦးရေ ၂၀,၀၀၀ ကျော် ဘိုးဘွားပိုင်မြေမှ ဖယ်ရှားခံခဲ့ရသည့် “လူမျိုးစုသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) နှင့် လူမျိုးတုန်းစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှု သာဓက” ဖြစ်ကြောင်း UKSC က ဆိုသည်။ 

ထိုစစ်ဆင်ရေးအပြီးတွင် ကူကီးကျေးရွာ အမည်ပေါင်း ၁၀၀ ကျော်ကို ဗမာနှင့် ရှမ်းအမည်များသို့ အတင်းအဓမ္မ ပြောင်းလဲစေခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဒဏ်ရာ နှင့် ပတ်သက်၍ ဂျော့ရှူဝါ ဟွောက်ကစ် (ပ်) က ဒီနောက် ဆက်တွဲ ဆိုးကျိုးတွေဟာ ကျနော်တို့ လူမျိုးအတွက် အင်မတန်ကြီးမားတဲ့ (Trauma) ဖြစ်နေပါ တယ်။ ခါတော် မီအော်ပရေးရှင်း နောက်ဆက်တွဲမှာ ကူကီးလူမျိုး တော်တော်များများဟာ ကူကီးဆိုတဲ့ နာမည် ကို မသုံးဝံ့တဲ့ အနေအထား ဖြစ်ခဲ့ရတယ်။ ဒီနေ့အချိန်အထိ ကျနော်တို့လူမျိုးကြားထဲမှာ ကူကီးဆိုတဲ့ နာမည်ကို အစွဲပြုတယ်ဆိုရင် ပြည်နှင်ခံရမယ်ဆိုတဲ့ ခေတ်အဆက်ဆက် ကြောက်ရွံ့မှုတွေက အခုအချိန်အထိ အကြီးကြီး စိုးမိုးနေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့လူမျိုးထဲမှာ ကူကီးလို့ ကိုယ့်ကိုယ်ကို ဝန်ခံဖို့၊ အခေါ်ခံဖို့ ကြောက်ရွံ့နေတဲ့သူတွေ အမြောက်အများ ရှိနေပါသေးတယ် ဟု ဆက်ပြောသည်။

UKSC အနေဖြင့် အဆိုပါ စစ်ဆင်ရေးတွင် နစ်နာခဲ့ရသည့် သားစဉ်မြေးဆက်များကို နိုင်ငံသားအဖြစ် အလို အလျောက် ပြန်လည်ခံယူခွင့်ပြုရန်၊ လျော်ကြေးပေးရန်နှင့် တည်ဆဲအစိုးရများက တရားဝင်တောင်းပန်ရန် တောင်းဆိုထားပြီး၊ ၎င်းသည် အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးကြီးကြောင်း ယူဆထားသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် UKSC သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နှင့် တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ထားပြီး၊ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အတွက် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကူကီးအမျိုးသားပြည်နယ်” ထူထောင်နိုင်ရေးကို ဆက်လက်ဆောင်ရွက် သွားမည်ဟု ဆိုသည်။

လက်ရှိတွင် UKSC အနေဖြင့် အိမ်နီးချင်း တိုင်းရင်းသားညီအစ်ကိုများနှင့် ပဋိပက္ခဖြစ်ပွားရန် မလိုလားဘဲ ‘အပြန် အလှန် အသိအမှတ်ပြုရေး’ မူဝါဒဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း ဖော်ပြထားသည်။ 

ထို့ကြောင့် ရှမ်းနီအမျိုးသား ညီညွတ်ရေးအဖွဲ့များ၊ နာဂအဖွဲ့အစည်းများနှင့် သီးသန့်မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းကမ်းလှမ်းသွားမည်ဖြစ်ပြီး၊ နယ်မြေအငြင်းပွားမှုများကို တစ်ဖက်သတ် ဆုံးဖြတ်ခြင်းထက် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ အဖြေရှာရန် တိုက်တွန်းထားသည်။

သို့သော် ကူကီးလူမျိုးများ၏ တောင်းဆိုချက်နှင့် ဆန္ဒများကို လျစ်လျူရှုကာ မိမိတို့ သဘောဖြင့် သတ်မှတ်ထားသည့် နယ်နိမိတ်အတိုင်း ဆက်သွား မည်ဆိုပါက တရားဝင်လှုပ်ရှားမှုများဖြင့် ဆက်လက်တုံ့ပြန်သွားမည့်အပြင်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝ အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။