နယ်မြေကိစ္စ ရှမ်းနီနှင့် နာဂအဖွဲ့များကို မျက်နှာချင်းဆိုင်ဆွေးနွေးရန် UKSC ကမ်းလှမ်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကူကီးနယ်မြေများကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန် စစ်တပ်နှင့် ရှမ်းနီအဖွဲ့တို့ ဆွေးနွေးခဲ့သည့်အပေါ် ကူကီးပြည် သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က ကန့်ကွက်ထားပြီး ရှမ်းနီ၊ နာဂအဖွဲ့အစည်းများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က စစ်တပ်၏ NSPNC နှင့် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံစဉ် ဟုမ္မလင်း၊ ခန္တီး၊ ကလေးနှင့် တမူးဒေသများကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထည့်သွင်းရန် ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ UKSC အနေဖြင့် အိမ်နီးချင်းတိုင်းရင်းသားများနှင့် ‘အပြန်အလှန် အသိအမှတ်ပြု ရေး’ မူဝါဒဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် တွေ့ဆုံဆွေးနွေးမှုများ ကမ်းလှမ်းသွားမည်ဟု ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

UKSC တာဝန်ရှိသူ ဂျော့ရှူဝါ ဟွောက်ကစ်(ပ်) က တွေ့ဆုံဆွေးနွေးရေး အဆင်သင့်ရှိမှုနှင့် ပတ်သက်၍ ယခုကဲ့ သို့ ပြောသည်။ ရှမ်းနီအမျိုးသား ညီညွတ်ရေးအဖွဲ့တွေ ပြီးတော့ နာဂအဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ UKSC ကြားမှာ သီးသန့်မျက်နှာချင်းဆိုင် ဆွေးနွေးဖို့အတွက် ကျနော်တို့ ကြိုးစားပြီးမှ ကမ်းလှမ်းမှာ ဖြစ်ပါ တယ်။ အဲ့ဒါကြောင့် ကျနော်တို့ UKSC အနေနဲ့ ဒေသတွင်းမှာ ငြိမ်ချမ်းရေးနဲ့ လူမျိုးစုတွေကြားမှာ သဟဇာတ ဖြစ်ရေးအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ အမြဲတမ်း အဆင်သင့်ရှိရခြင်း ဖြစ်ပါ တယ်။

သို့သော် ကာယကံရှင်များ၏ ဆန္ဒကို လျစ်လျူရှုကာ အတိတ်က အမှားများအတိုင်း တစ်ဖက်သတ် ဆက်သွား မည်ဆိုပါက မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝအသုံးပြုပြီး စစ်ရေးအရ တုံ့ပြန်သွားရန်ရှိကြောင်း ၎င်းက သတိပေးထားသည်။

နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသင့်ကြောင်း UKSC တာဝန်ရှိသူ ဂျော့ရှူဝါ ဟွောက်ကစ်(ပ်) က ဆက်ပြောသည်။

ဖြစ်ပေါ်နေတဲ့ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ကျနော်တို့ ဖြေရှင်းရမယ်။ တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ အဖြေရှာမှ ကျနော်တို့ရဲ့ ပြဿနာတွေ ပြေလည်နိုင်မယ်လို့ ကျနော်တို့ အနေနဲ့ အခိုင်အမာ ယုံကြည်တယ်။ တိုင်းရင်းသား လူမျိုးစု အသီးသီးတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံရေး ဦးတည် ချက်တွေနဲ့ ပတ်သက်ပြီးတော့ အချင်းချင်းအကြားမှာ အပြန်အလှန် ဆွေးနွေးအဖြေရှာဖို့လိုတယ်။

ယခင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်စဉ်ကတည်းက ကူကီး လူမျိုးများ၏ ဆန္ဒမပါဝင်ဘဲ လေရှီးဒေသကို ထည့်သွင်းခဲ့ဖူးသလို၊ ယခုတစ်ကြိမ်တွင်လည်း ရှမ်းနီဒေသအတွက် ကူကီးနယ်မြေများကို ထပ်မံထည့်သွင်းရန် ကြိုးပမ်းလာခြင်းကြောင့် ဒေသတွင်း လူမျိုးစုများအကြား ပဋိပက္ခနှင့် ပွတ်တိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းတို့က ထောက်ပြထားသည်။

လက်ရှိ နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမှသာ လူမျိုးစုအသီးသီး၏ ဘဝလုံခြုံမှုကို အာမခံနိုင်မည်ဖြစ်ကြောင်း UKSC က ထောက်ပြသည်။

ထို့ပြင် ရေရှည်တည်ငြိမ်ရန်အတွက် လူဦးရေနည်းခြင်း၊ များခြင်းနှင့် နယ်မြေကြီးခြင်း၊ ငယ်ခြင်းအပေါ် အခြေ မခံဘဲ တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် လိုအပ်သည်ဟု ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရသေးသည့် လူမျိုးစုငယ်များ၏ ရပိုင်ခွင့်များကို အားပေးမြှင့်တင်ခြင်းဖြင့်သာ စစ်မှန် သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်းလည်း တိုက်တွန်းထားသည်။