နယ်စပ် ခြံစည်းရိုးကာရံရေး ဒေသခံ နာဂများ ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
အိန္ဒိယ၏ နယ်စပ်ခြံစည်းရိုး ကာရံရေး အစီအစဉ်သည် နာဂမိသားစုဝင်များ၏ ပေါင်းသင်းဆက်ဆံရေးကို နှစ်ခြမ်းခွဲမည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီ (UTNC) က ထုတ်ပြန် ပြောဆိုလိုက်သည်။
အိန္ဒိယအစိုးရ၏ အိန္ဒိယ – မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံမည့် အစီအစဉ်ကို ညီညွတ်သော တန်ရှန်းနာဂကောင်စီ (UTNC) က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။
အဆိုပါ ခြံစည်းရိုးသည် နယ်နိမိတ်မျဉ်း၏ တစ်ဖက်တစ်ချက်စီတွင် နေထိုင်ကြသည့် နာဂမိသားစုဝင်များ၏ ဘိုးဘွားစဉ်ဆက် လူမှုပတ်ဝန်းကျင်၊ မိသားစုဆက်ဆံရေးနှင့် စားဝတ်နေရေး အပြန်အလှန်မှီခိုမှုကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေမည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း UTNC က ထုတ်ပြန်ထားသည်။
UTNC ၏ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့က ဟိုဘက် အိမ်ဦးနဲ့ကြမ်းပြင်လိုပဲ ဘိုးဘွားစဉ်ဆက် ဒီနယ်စပ်မှာ ကူးလူးဆက်ဆံခဲ့ကြတာပါ။ မိသားစုရေးရာ၊ လူမှုရေးရာ၊ စားဝတ်နေရေး အားလုံးကို ဒီလိုပဲ သွားလာနေကြ တယ်။ ဒီလိုရှိနေတဲ့အရာကြီးကို သူတို့က အခိုင်အမာ ခြံစည်းရိုးခတ်မယ်လို့ ပြောရင် ဒါ ကျွန်တော်တို့ မိသားစု ထဲမှာ ပြောပြလို့မရတဲ့၊ တန်ဖိုးထားရမယ့် လူမှုပတ်ဝန်းကျင် နယ်ပယ်ထဲက အရာတွေ အားလုံးကတော့ ဖျက် ဆီးခံရတယ်လို့ ဒီလိုကို စိတ်ထိခိုက်ကြတာပေါ့” ဟု ပြောသည်။
နယ်စပ်ဒေသခံ နာဂပြည်သူများသည် နိုင်ငံများ ကွဲပြားနေသော်လည်း မိသားစုဝင်များ၊ ဆွေမျိုးများအဖြစ် နေ့စဉ် နှင့်အမျှ ခြေလျင်ခရီးဖြင့် သွားလာကာ စားနပ်ရိက္ခာများ အပြန်အလှန် မျှဝေဖလှယ်ခြင်းဖြင့် ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ပေါင်းကူးဆက်ဆံမှုများအား ခြံစည်းရိုးက အပြီးတိုင် ပိတ်ဆို့မည်ကို ဒေသခံများက အပြင်းအထန် စိုးရိမ် ပူပန်နေကြသည်။
UTNC ၏ ထုတ်ပြန်ချက်အရ အိန္ဒိယဘက်မှ ခြံစည်းရိုးကာရံမည့် လုပ်ငန်းများကို နန်းယွန်းမြို့နယ်အတွင်းရှိ အိန္ဒိယ – မြန်မာ နယ်ခြားမှတ်တိုင် ၁၇၃ (ပန်ဆောင်တောင်ကြား လမ်း) နှင့် ၁၇၂ အကြား စတင်ဆောက်ရွက် နေပြီဖြစ်သည်။
UTNC ပြောရေးဆိုခွင့်ရှိသူက လုပ်ငန်းစတင်နေမှု အခြေအနေနှင့်ပတ်သက်၍ “သူတို့ အတိုင်းအတာ အနေနဲ့ ကျနော်တို့ မေးကြည့်တော့ ဒါ အခုက အဲ ဘက်ဟိုးနှစ်စီးရယ်၊ ဘူဒူဇာတစ်စီးရယ်နဲ့ ဒီတစ်ဖာလုံလောက်ကို သူတို့ မြေရှင်းနေပြီပေါ့၊ ပစ္စည်းပစ္စယတွေ ပုံနေပြီဆိုပြီးတော့ ဒီလိုအခြေအနေလည်း သိရတယ်” ဟု ပြောသည်။
အိန္ဒိယအစိုးရသည် ယခုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂပြည်သူလူထုနှင့် ကြိုတင် တွေ့ဆုံဆွေးနွေးခြင်း မရှိဘဲ မြေပြင်ရှင်းလင်းမှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း UTNC က ပြစ်တင်ပြောဆိုသည်။ UTNC အနေဖြင့်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင်မှ ဒေသခံလူကြီးများမှ တစ်ဆင့် လူကိုယ်တိုင် လာရောက် အသိပေးခြင်းကြောင့်သာ အခြေအနေကို သိရှိခဲ့ရသည်ဟု ဆိုသည်။
ခြံစည်းရိုးကာရံပြီးနောက် တရားဝင်သတ်မှတ်ထားသည့် လမ်းကြောင်းမှသာ သွားလာခွင့်ပြုမည်ဆိုပါက ငွေကြေးတတ်နိုင်သူများမှ လွဲ၍ သာမန်ဒေသခံပြည်သူများ အတွက် မိသားစုဝင်များထံ သွားရောက်တွေ့ဆုံရန် အလွန်ခက်ခဲသွားမည်ဟု UTNC က ထောက်ပြသည်။
ထို့ကြောင့် UTNC အနေဖြင့် ခြံစည်းရိုးကာရံမည့် အစီအစဉ်အပေါ် အိန္ဒိယအစိုးရက လူသားချင်းစာနာမှုဖြင့် ပြန်လည် သုံးသပ်ပေးရန်နှင့် လုပ်ငန်းများ ရပ်တန့်ပေးရန် တောင်းဆိုထားသည်။
ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှုကာ ဆက်လက် အကောင်အထည်ဖော်ပါက ကန့်ကွက်မှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း UTNC က ကြေညာထားသည်။
အိန္ဒိယအစိုးရသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တစ်လျှောက် ခြံစည်းရိုး ကာရံရန်နှင့် နှစ်နိုင်ငံ ပြည်သူများ ဗီဇာမလိုဘဲ သွားလာခွင့်ပြုထားသည့် Free Movement Regime (FMR) ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။
UTNC သည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ တန်ရှန်း နာဂမျိုးနွယ်စုများကို ကိုယ်စားပြု သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။