ဂိတ်အချို့ ပိတ်သိမ်းပြီးနောက် ကားခများ ဈေးပြန်ကျရန် ခရီးသည်များ မျှော်လင့်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းရှိ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းလိုက်ပြီးနောက် လမ်းခရီးကုန်ကျစရိတ်များ လျော့နည်းလာပြီဖြစ်သဖြင့် ကားခများ အမြန်ဆုံး ပြန်လည်ကျဆင်းလာရန် ခရီးသွားပြည်သူများက လိုလားနေကြသည်။
စစ်တပ်၏ ရက် ၁၀၀ စီမံကိန်းအရ ဇွန်လ ၁၆ ရက်မနေ့ကစတင်၍ ရှမ်းပြည်အတွင်းရှိ ပင်လုံမြို့အဝင် စစ်ဆေး ရေးဂိတ်နှင့် ကျေးသီးမြို့နယ်ရှိ မိုင်းနောင် – လဲချား လမ်းဆုံစစ်ဆေးရေးဂိတ်တို့ကို ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါဂိတ်များမှာ လမ်းခရီးဖြတ်သန်းခ ငွေကြေး အဆမတန် တောင်းခံသည့် အမည်ဆိုးဖြင့် ကျော်ကြားခဲ့ သော ဂိတ်များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပင်လုံနှင့် လဲချားမြို့အကြား အပတ်စဉ် သွားလာနေသည့် ခရီးသည်အမျိုးသမီးတစ်ဦးက “ဒီတိုင်းသွားရင်တော့ ဘာမှမဖြစ်ပါဘူး အဲဒီဂိတ်တွေက။ ကျမတို့က ကုန်နဲ့ ပစ္စည်းတပြုံနဲ့ဆိုတော့ ဂိတ်တွေဝင်တာနဲ့ ရစ်တာဆိုတာ။ တောင်းသလောက် ပေးရတာပဲ။ မပေးလည်း ကုန်ထားခဲ့ရမှာလေ။ ကားသမားကလည်း သူပေးရတော့ ဈေး ပိုတင်။ ကျမတို့လည်း လွတ်လားဆို မလွတ်ဘူး။ အခု ပိတ်ပြီဆိုတော့ မြန်မြန်လေး ကားခချပေးရင် ကောင်း တာပေါ့” ဟု ပြောသည်။
ရှမ်းပြည် အတွင်း ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းခများ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ၁၀၂၇ စစ်ဆင် ရေး ကာလအတွင်း စစ်ဆေးရေးဂိတ်များ တိုးပွားလာပြီး ဂိတ်ကြေးများပြားလာခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ခမရ ၅၁၃ နှင့် ပင်လုံတက္ကသိုလ်အနီးရှိ ပင်လုံမြို့ဝင်စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းအမျိုးအစားအပေါ် မူတည်ကာ အနည်းဆုံး ကျပ် ၅ သောင်းမှ ၃ သိန်းအထိ ပေးဆောင်ခဲ့ရကြောင်း တောင်ကြီး – ပင်လုံ ပြေးဆွဲနေ သည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
“တက္ကသိုလ်ကျောင်းသားကအစ ပေးရတယ်။ ဟိုတခါ တယောက် ၆ ထောင်ဆိုလား အယောက်စေ့ကို ပေးရ တယ်။ ကားခတက်လို့လည်း ကျနော်တို့ ပိုမရပါဘူး။ Owner ကြေး လိုက်တက်တာလေ။ အခု ဂိတ် ပိတ်ပြီ ဆိုတော့ ကောင်းတယ်။ ကားခလည်း ကျလာမယ် ထင်တယ်။ ကျနော်တို့လည်း ချစေချင်ပြီ။ အခုဆို အရင် လောက် ခရီးသည်မရတော့ ခေါက်ရေနဲ့ ဘယ်လိုမှ မကိုက်ဘူး။”
ထို့ပြင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ စကခ ၂ အနီးရှိ မိုင်းနောင် – လဲချား စစ်ဆေးရေးဂိတ်တွင်လည်း ရှမ်းပြည် ပြင်ပ (၁၃/ မဟုတ်သည့်) မှတ်ပုံတင် ကိုင်ဆောင်ထားသူများနှင့် ကိုးကန့်၊ တအာင်းတိုင်းရင်းသား များထံမှ နေ့စဉ်ငွေကြေး တောင်းခံမှုများ ရှိခဲ့ကြောင်း ဆိုသည်။
လွိုင်လင်ဒေသခံတစ်ဦးကလည်း “အရင်က အဲမှာ မှတ်ပုံတင်မပါရင် ၅ သောင်းဆိုလား ပေးရတယ်။ ၁၃ မျဉ်း စောင်း မဟုတ်လည်း ပေးရတယ်။ ၁၈ နှစ်ပြည့် မလဲတဲ့လူတွေလည်း မလွတ်ဘူး။ အကုန် ပေးရတယ်အဲမှာ။ အခု ပိတ်ပြီဆိုတော့ နားအေးတာပေါ့။ ကားခကျဖို့ပဲ စောင့်ရတော့မယ်။ ကျမယ်လို့တော့ ကားသမားတွေ ပြောနေကြတာ တွေ့တယ်” ဟု ပြောသည်။
လက်ရှိတွင် ပင်လုံမြို့ဝင် စစ်ဆေးရေးဂိတ်မှာ ဖျက်သိမ်းပြီးဖြစ်သော်လည်း တောင်ကြီး – ပင်လုံ ကျောက်တန်း လမ်းတစ်လျှောက်၌ စစ်တပ်ဂိတ် တစ်ဂိတ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ဂိတ် ၄ ဂိတ်ခန့် ကျန်ရှိနေသေးသဖြင့် လမ်းခရီး၌ ငွေကြေးတောင်းခံမှုအချို့ကို ဆက်လက်ကြုံတွေ့နေရဦးမည်ဖြစ်ကြောင်း ယာဉ်မောင်းများက ဆိုသည်။
ဒေသတွင်းရှိ အဓိက စစ်ဆေးရေးဂိတ်အချို့ ပိတ်သိမ်းလိုက်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာ နိုင်ပြီး ကားခများ ပြန်လည်ကျဆင်းသွားပါက ခရီးသွားလာသူ ပိုမိုတိုးလာနိုင်သဖြင့် ဒေသတွင်း စီးပွားရေးအခြေအနေ ပြန်လည်ဦးမော့လာနိုင်ကြောင်း ဒေသခံကုန်သည်များနှင့် ကုန်စည်ပို့ဆောင်သူများက မျှော်လင့်နေကြသည်။
ဓါတ်ပုံ – (ပုံဟောင်း) ကျောက်တန်းလမ်းပေါ်ရှိ PNA ဂိတ်တစ်ဂိတ်