စစ်အုပ်စု စေလွှတ်သည့် ‘သမဂ္ဂအတု’ ကို ILO ညီလာခံက လက်မခံပဲ ပယ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် (၁၁၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ညီလာခံသို့ စစ်အုပ်စုက စေလွှတ်လိုက်သည့် ‘သမဂ္ဂအတုအယောင်’ ကို ILO က တရားဝင် ပယ်ချ လိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အမည်ကို ခိုးယူကာ စေလွှတ်ခဲ့သည့် စစ်အုပ်စု ၏ ကိုယ်စားလှယ်များကို ILO က လက်မခံဘဲ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် CTUM တို့၏ ဇွန်လ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်အုပ်စုသည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ရှိနေသကဲ့သို့ နိုင်ငံတကာကို လိမ်လည်ပြသရန် အတွက် အလုပ်သမားများကို အမှန်တကယ် ကိုယ်စားမပြုသည့် အဖွဲ့များကို CTUM အမည်ခံစေကာ ညီလာခံ သို့ တိုးဝင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
သို့သော် ILO ဥပဒေဌာနက မြန်မာအလုပ်သမားထုကို ကိုယ်စားပြုခွင့်ရှိသူမှာ ဥက္ကဋ္ဌ ဦးမောင်မောင် ဦးဆောင် သော CTUM သာဖြစ်ကြောင်း အတည်ပြုထားသဖြင့် စစ်အုပ်စု၏ ကိုယ်စားလှယ်များမှာ ဝင်ရောက်ခွင့်မရဘဲ ပယ်ချခံခဲ့ရသည်။
ထိုကဲ့သို့ ပြည်သူလူထု ထောက်ခံမှုရထားသည့် သမဂ္ဂအမည်ကို ခိုးယူအသုံးပြုနေသည့် စစ်အုပ်စု၏ လုပ်ရပ်နှင့် ပတ်သက်၍ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ယခုကဲ့သို့ ဝေဖန်ပြောဆိုထားသည်။
“မင်းအောင်လှိုင်ကို မေးချင်လို့ပါ။ အကုန်လုံးလုပ်ရဲတဲ့ သတ္တိရှိတယ်ဆိုရင် ကိုယ့်ဘာသာကိုယ် သမဂ္ဂထောင်ပါ။ CTUM ဆိုတဲ့နာမည် မသုံးပါနဲ့။ ကျုပ်တို့က သမဂ္ဂထောင်တာကို ကန့်ကွက်တာမဟုတ်ဘူး၊ ကျုပ်တို့နာမည်ကို ခိုးတာကို ကန့်ကွက်တာ။ ဘယ်လောက်ပဲ ပြည်တွင်းမှာ CTUM ဆိုတဲ့နာမည်ကို သုံးသုံး၊ အပြည်ပြည်ဆိုင်ရာမှာ လာပြီးတော့ တိုးလို့မရပါဘူးဆိုတာကို ကျနော် ဒီမှာ ပြောချင်ပါတယ်။”
ထို့ပြင် အလုပ်ရှင်များကို ကိုယ်စားပြုသည့် ကုန်သည်စက်မှုအသင်း (UMFCCI) ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ် ကိုယ်တိုင်က စစ်အုပ်စု ဖန်တီးထားသည့် သမဂ္ဂအတုများကို CTUM အစစ်အမှန်ဖြစ်ကြောင်း အာဆီယံ အစည်း အဝေးများတွင် လိုက်လံမိတ်ဆက်ပေးနေခြင်းမှာလည်း အလွန်ရှက်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
စစ်အုပ်စုသည် ပြည်တွင်းရှိ အလုပ်သမားများ ဇဝေဇဝါဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် CTUM အတုနှင့် ကုန်ထုတ် လုပ်မှုကဏ္ဍ အလုပ်သမားများကို ကိုယ်စားပြုသည့် IWFM အတုများတွင် ယခင်က သမဂ္ဂမှ ထွက်သွားသူများ ကို ဦးဆောင်စေကာ လုပ်ဆောင်နေကြောင်း CTUM ဗဟိုအလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင်က ရှင်းပြသည်။
“ဦးသောင်းညွန့်၊ ဦးမျိုးမြင့်၊ ဦးမျိုးဇော်ဌေး တို့ ဦးဆောင်တဲ့ အစုအဖွဲ့တွေက ကျမတို့ CTUM/IWFM နဲ့ လုံးဝ မပတ်သက်ဘူး။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဖို့ အလုပ်သမားတွေကို အမြဲတမ်း သတင်း အချက် အလက် ပေးနေတဲ့ အနေအထားရှိပါတယ်။”
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ILO သည် စစ်အုပ်စု၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကြောင့် ၂၀၂၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry) ကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်တွင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ (Article 33) ကို အသုံးပြု၍ နိုင်ငံတကာမှ အရေးယူမှုများပြုလုပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
လက်ရှိတွင် အပြည်ပြည်ဆိုင်ရာစင်မြင့်၌ ဦးမောင်မောင် ဦးဆောင်သည့် CTUM ကိုယ်စားလှယ်များကိုသာ တရားဝင် စကားပြောခွင့်ရှိသူများ အဖြစ် မှတ်တမ်းတင်ထားသဖြင့် စစ်အုပ်စု၏ အတုအယောင်သမဂ္ဂများသည် နိုင်ငံတကာတွင် နေရာရလိမ့်မည်မဟုတ်ကြောင်း CTUM မြန်မာကိုယ်စားလှယ်အဖွဲ့က ဆိုသည်။