NUG က စစ်ခေါင်းဆောင် ၃၃ ဦးကို အကြမ်းဖက်သမားအဖြစ် ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင် အဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တရားဝင် ကြေညာ လိုက်သည်။
ယခုထုတ်ပြန်ချက်သည် ယခင်ကကဲ့သို့ ဥပဒေကြောင်းအရ အရေးယူမည်ဆိုသည့် အသုံးအနှုန်းထက် “လက်ရ ဖမ်းဆီးရမိရေး” ကို အဓိကဦးတည်လာခြင်းကြောင့် ထူးခြားနေသည်။
အမည်ပျက် စာရင်းတွင် စစ်ဗိုလ်ချုပ်ကြီးများ သာမကဘဲ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အရပ်သား နိုင်ငံရေးသမားများ ဖြစ်သော ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် ဖဒိုမန်းငြိမ်းမောင်တို့ကဲ့သို့ ပုဂ္ဂိုလ်များလည်း ပါဝင်နေသည်။
NUG အနေဖြင့် အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်အထိ စစ်ကော်မရှင်တွင် ပါဝင်ခဲ့သူများကို အကြမ်းဖက် တိုက် ဖျက်ရေး ဥပဒေဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဖမ်းဆီးရမိရေး ကြိုးပမ်းမည့်အပေါ် မြေပြင်ရှိ ရခိုင်လူငယ်တစ်ဦးက ၎င်း၏အမြင်ကို ယခုကဲ့သို့ ပြောသည်။
“အရင်ကတော့ တရားစွဲမယ်ဆိုတာမျိုးပဲ ကြားရတာ။ အခုက လက်ရဖမ်းဖို့အထိ ပါလာတော့ တော်လှန်ရေးက တကယ်ကို အရှိန်တက်လာပြီလို့ ခံစားရတယ်။ တဖက်မှာလည်း ဒါက ဖြစ်နိုင်ချေရှိရဲ့လား ဆိုတာမျိုးလည်း စဉ်းစားမိတယ်။ ဘာပဲပြောပြော စစ်ဗိုလ်ချုပ်တွေတင်မကဘဲ သူတို့ရဲ့ ထောက်တိုင် ဖြစ်တဲ့သူတွေကိုပါ ထည့် လိုက်တာက ပိုထိရောက်ပါတယ်။ ကျနော်တို့ ရခိုင်ကဆိုလည်း ဒေါ်အေးနုစိန်တို့၊ ဒေါက်တာဘရွှေတို့ပါ ပါတယ်။ ဆိုတော့ သူတို့တွေကလည်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိနေကြသူတွေပဲလေ။”
NUG ဘက်က အဆိုပါ ၃၃ ဦးအား ဖမ်းဆီးနိုင်ရန် အတွက် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများ ပူးပေါင်းကြရန် တိုက်တွန်းထားချိန်တွင်၊ မြေပြင်၌လည်း စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ နေရာများတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေသည်။
“အခုက မြို့ပေါ်တွေမှာလည်း မအေးချမ်းတော့ဘူး။ ရွေးကောက်ပွဲလုပ်မယ့် နေရာတွေနားမှာ ပေါက်ကွဲ တာတွေ ခဏခဏဖြစ်နေတော့ ဘယ်သူမှလည်း မဲသွားထည့်ရဲမှာ မဟုတ်ဘူး။ စစ်တပ်က အတင်းလုပ်နေပေမဲ့ မြေပြင်မှာတော့ သူတို့ရဲ့ အုပ်ချုပ်ရေးက လုံးဝပျက်ပြားနေပြီဆိုတာ သိသာနေတယ်” ဟု ရန်ကုန်မှ လူငယ် တစ်ဦးက ပြောသည်။
NUG အစိုးရအနေဖြင့် သတ်မှတ်ထားသည့် အကြမ်းဖက်သမား ၃၃ ဦးကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရန် နည်း လမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ ဤလုပ်ငန်းစဉ်တွင် တော်လှန်ရေး အင်အားစုများအပြင် ပြည်သူ တစ်ရပ်လုံးကလည်း တက်ကြွစွာ ပူးပေါင်း ပါဝင်ကြရန်လည်း ပန်ကြားထားသည်။