NUG ၏ အထူးတိုင်း စစ်ဌာနဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင်နှင့် ထောက်ပို့ ၅၀ ခန့်ကို KNU ဖမ်းထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။ 

တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူး တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်နှင့် ထောက်ပို့ ၅၀ ခန့်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ လက်အောက်ခံ တပ်များက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း တာဝန်ရှိသူက ဘာကြောင့်ဆိုတာလည်း အသေအချာ မသိရသေးဘူး။ အခုက ဆက်ပြီးဖမ်းထားတုန်းပဲ။ တပ်မဟာ ၄ တပ်ရင်း ၁၂ ဌာနချုပ်ကို ခေါ်သွားတယ်လို့တော့ သိရတယ်။ ဗျူဟာမှူးရယ်၊ တပ်ရင်းမှူးရယ်၊ ရဲဘော်အချို့ရယ်က နယ်စပ်ကအပြန် သူတို့တပ်ကို ဖြတ်ရတာမှာ အဲဒီမှာ ထိန်းလိုက်တာ။ ပြီးမှ ဒီမနက်မှာ တပ်ခွဲက ရဲဘော်တွေနဲ့ ထောက်ပို့တွေကိုပါ ဆက်တိုက်ဖမ်းတာ အားလုံး ၄၀ ကျော်ပေါ့ ဟု ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူး ဒိုရာ နှင့် ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5) တပ်ရင်းမှူး မင်းသားကြီးတို့ကဲ့သို့ အဆင့်မြင့်အရာရှိများ ပါဝင်နေသည်။ 

၎င်းတို့အား KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ လက်အောက်ခံ ကစယ်ဒိုကျားတပ်ဖွဲ့နှင့် ပုတီးတစ်လုံးတပ်ဖွဲ့တို့က ဖမ်းဆီးကာ လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းထားခြင်းဖြစ်သည်။

ဒေသခံများ၏ ပြောဆိုချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း တပ်ဖွဲ့ဝင်များနှင့် KNU တပ်ရင်း ၁၂ အောက်ရှိ တပ်ဖွဲ့ဝင်များအကြား ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ KNU တာဝန်ရှိသူများကို ဆက်သွယ်နေဆဲ ဖြစ်သည်။

ထိုဖြစ်စဉ် နောက်ပိုင်းတွင် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ပြီး လက်ရှိတွင် KNU က သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်လှေဆိပ် အပါအဝင် လှေဆိပ်အချို့ကိုလည်း ပိတ်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

KNU တပ်မဟာ ၄ အတွင်းရေးမှူး ပဒိုအယ်နားကမူ အခြေအနေအသေးစိတ် မသိရသေးကြောင်း Dawei Watch သတင်းဌာနကို ဖြေကြားထားသည်။ 

NUG လက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် ဤဖြစ်စဉ်အပေါ် အမြန်ဆုံး တွေ့ဆုံဖြေရှင်းနိုင်ရန် ကြိုးပမ်းနေ သည်ဟု ဆိုသည်။ 

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း တာဝန်ရှိသူက ကျနော်တို့ကတော့ ဘုံရန်သူကိုတိုက်ဖို့အတွက် တော်လှန်သူ တွေနဲ့ လက်တွဲပြီးသွားနေပါတယ်။ မြေပြင်ပွတ်တိုက်မှုလေးတွေကို တွေ့ဆုံညှိနှိုင်းဆွေးနွေးတာတော့ အကောင်းဆုံးပေါ့။ အခုလိုကတော့ ဘယ်လိုမှအဆင်မပြေပါဘူး။ ကျနော်တို့ ဝန်ကြီးဌာနနဲ့ တိုင်းစစ်ဌာနတွေကို တင်ပြထားပြီးပါပြီ။ သူတို့ဘက်ကလည်း တွေ့ဆုံမှုတွေအတွက် လုပ်ဆောင်နေတယ်လို့ သိရတယ် ဟု ပြော သည်။

လက်ရှိတွင် နှစ်ဖက်တာဝန်ရှိသူများ အကြား တင်းမာမှုများ လျော့ကျစေရန်နှင့် ဖမ်းဆီးခံထားရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် အဆင့်မြင့်တာဝန်ရှိသူများအကြား ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။

ဓါတ်ပုံ – ဖမ်းဆီးခံထားရသည့် အမှတ် ၃၃ ဗျူဟာမှူး ကိုဘိ (ခ) စောဒါးကို နှင့် ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီးတို့၏ ပုံ (Crd)