ချောက်မြို့နယ် တိုက်ပွဲတွင် PDF ရဲဘော်များ ကျဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာနှင့် စမ်းစုကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန် ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များဘက်မှ အကျအဆုံးများရှိခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က အတည်ပြုသည်။
ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော ဒုရဲမှူးကြီး ကျော်သူ ဦးစီးသည့် အင်အား ၁၀၀ ကျော်ပါ ရဲကွန်မန်ဒိုစစ်ကြောင်းကို PDF တပ်ဖွဲ့ဝင်များက ချုံခို တိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထိုသို့ စောင့်ဆိုင်းနေစဉ် စစ်တပ်ဘက်က သတင်းကြိုတင်ရရှိသွားကာ တန်ပြန်ဝိုင်းပတ် ပိတ်ဆို့တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ရဲကွန်မန်ဒိုစစ်ကြောင်းကို သတင်းကြိုရလို့ စောင့်ကြိုတိုက်ခိုက်ဖို့ စောင့်နေတဲ့ ရဲဘော်တွေကို တန်ပြန်ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံရတာ အင်အား ၁၀၀ ကျော်ပါတော့ ပြန်တိုက်ဖို့ မလွယ်။ ရဲဘော်တွေ အရှင်ဖမ်းခံရတာကို ရှင်းပစ်ပြီး အလောင်း ၂၀ လို့ သတင်း ထုတ်ပြန်တယ်။ ပေးဆပ်ရတာ တွေ များတယ်။ သတိထားဖို့လိုပါတယ်” ဟု ပြောသည်။
စစ်အုပ်စုကို ထောက်ခံသည့် လော်ဘီချန်နယ်များကမူ နယ်မြေရှင်းလင်းရေး စစ်ကြောင်းကို တန်ပြန်ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာတွင် PDF ရဲဘော် ၂၀ ဦး၏ ရုပ်အလောင်းများနှင့်အတူ ရိုင်ဖယ် ၁၉ လက်၊ စနိုက်ပါ ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားကြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များဘက်က တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်ခြင်း မရှိသေး သော်လည်း မြေပြင်ရဲဘော်များကမူ တိုက်ပွဲအတွင်း အကျအဆုံးရှိခဲ့ကြောင်း သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့ထံမှ အတည်ပြုချက်ရရှိထားသည်။
တိုက်ပွဲဖြစ်ပွားနေချိန်နှင့် တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် စစ်တပ်က ဂျက်ဖိုက်တာများ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကြောင့် တောင်သာ၊ စမ်းစု၊ မြေပဒုံ၊ ကြပ်ကန်နှင့် ဆူးတောကျေးရွာများမှ ဒေသခံအများအပြား နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။