သံဖြူဇရပ်တွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး အဆောက်အအုံများ ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်တွင် လေဆင်နှာမောင်းနှင့်အတူ လေပြင်းများ အရှိန်အဟုန်ဖြင့် တိုက်ခတ်သွားခဲ့ရာ လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံ အပါအဝင် အဆောက်အဦအများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။
ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေ ၆ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စတင်တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းသည် အောင်ကုသိုလ်ရပ်ကွက်ကို ဗဟိုပြု၍ ဖြတ်သန်းတိုက်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လမ်းကြောင်းတစ်လျှောက် ရှိ အောင်ဇေယျတိုးချဲ့ရပ်ကွက်နှင့် ဟံသာဝတီရပ်ကွက်အထိ ပျက်စီးဆုံးရှုံးမှုများ ကျယ်ပြန့်ခဲ့သည်။
“လေဆင်နှာမောင်းက အောင်ကုသိုလ်ရပ်ကွက်ထဲကို တည့်တည့် ဖြတ်တိုက်သွားတာဆိုတော့ အဲ့ဒီဘက်မှာ အပျက်အစီး အများဆုံးပဲ။ လေတိုက်တဲ့ လမ်းကြောင်းတစ်လျှောက်လုံးက အောင်ဇေယျတိုးချဲ့နဲ့ ဟံသာဝတီ ရပ်ကွက်ထဲက အိမ်တွေအထိ အကုန်လုံး နီးပါး ထိခိုက်ကုန်တယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။
လေဆင်နှာမောင်းဒဏ်ကြောင့် ကျိုက်ရာမညဇိန ထိုင်တော်မူဘုရားကြီး၏ ကွန်ကရစ်တိုင် ၆၀ နှင့် သွပ်အချပ် ၂၀၀၀ ကျော် တပ်ဆင်ထားသည့် အမိုးအကာများ ပြိုကျပျက်စီးခဲ့ရသလို၊ အောင်ဇေယျတိုးချဲ့ရပ်ကွက်အတွင်းရှိ နေအိမ် ၃၃ လုံးကျော်နှင့် စာသင်ကျောင်းတို့၏ အမိုးသွပ်များ လွင့်စင်သွားခဲ့သည်။
အခြား ဒေသခံတစ်ဦးက “အောင်ဇေယျဘက်ကတော့ အိမ်ခြေအတော်များများ အမိုးသွပ်တွေ အကုန်လွင့်ထွက် ကုန်တာ။ လမ်းမပေါ်မှာလည်း သစ်ပင်ကြီးတွေ လဲကျနေတာ အများကြီးပဲ။ ကံကောင်းတာတစ်ခုက ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိလို့ တော်သေးတယ်” ဟု ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်မြေစာရင်းရုံးရှေ့ရှိ ကုက္ကိုလ်ပင်ကြီးများအပါအဝင် သစ်ပင်အများအပြား ရေး-သံဖြူဇရပ်လမ်းမကြီးပေါ်သို့ လဲကျပိတ်ဆို့ခဲ့ရာ ဓာတ်တိုင်များလည်း ပျက်စီးခဲ့ရသည်။
လမ်းပိတ်ဆို့မှုများကို ညတွင်းချင်းပင် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြို့ခံများက ပူးပေါင်း ရှင်းလင်းခဲ့ကြသည်။
အလားတူ ကရင်ပြည်၊ လှိုင်းဘွဲ့မြို့နယ်၊ တခွက်ဖိုးရွာ၌လည်း ညနေ ၅ နာရီဝန်းကျင်တွင် လေပြင်းတိုက်ခတ် မှုကြောင့် အရပ်သားနေအိမ် ငါးလုံး ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့မှစ၍ မွန်၊ ကရင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်အများအပြား၌ လေဆင်နှာမောင်းများ ဆက်တိုက်တိုက်ခတ်လျက်ရှိသည်။
ပေါင်မြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့တွင် လူထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ မြို့ရှစ်မြို့ ထက်မနည်းတွင် အဆောက်အအုံ ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။
လက်ရှိတွင် သံဖြူဇရပ်မြို့၌ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ထိခိုက်ပျက်စီးမှု များကို ကူညီရှင်းလင်းလျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက် ရှိသည်။
ဓါတ်ပုံ – Thanbyuzayat Watch