မွန်ပြည်နယ်အတွင်း စစ်တပ်လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်။

မွန်ပြည်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝမ်းဗိုက် ထဲက ၇ လသားအရွယ် အမြွှာသမီးငယ်နှစ်ဦး အပါအဝင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကေအဲန်ယူ တပ်မဟာ (၁)၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်တွင် တည်ရှိသည့် ပဏ္ဍိကုန်း ကျေးရွာအတွင်းသို့ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက စစ်တပ်၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၃) တပ်ရင်း ကနေ လက်နက်ကြီး နှစ်လုံး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် ဒေါ်ဇင်မာစိုးနှင့်အတူ ၎င်း၏ ဝမ်းဗိုက် ထဲမှ ၇ လသားအရွယ် အမြွှာသမီးငယ်နှစ်ဦးအပြင်၊ အသက် ၁၁ နှစ်အရွယ် သမီးတို့မှာ ပြင်းထန်ဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြားမိသားစုဝင် နှစ်ဦးလည်း စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြသည်။

မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ရွာထဲမှာ ဘာတိုက်ပွဲမှလည်း ဖြစ်မနေဘူး။ စစ်တပ်က အကြောင်းမဲ့သက်သက်ကို လက်နက်ကြီးနဲ့ လှမ်းထုတာလို့ ပြောလို့ရတယ်။ ကျည်ထိပြီး ကိုယ်ဝန် ဆောင်အမျိုးသမီးရော၊ ကလေးပါ နေရာမှာတင် သေကုန်တာ။ ဒဏ်ရာ ရတဲ့ တခြားလူတွေလည်း အရေးပေါ် ဆေးကုနေရတယ်။ သူတို့က ပြည်သူတွေ တော်လှန်ရေးကို မထောက်ခံရဲအောင်၊ အကြောက်တရား သွင်းချင်လို့ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်ကို မခွဲခြားဘဲ အခုလို ရွာတွေထဲ ရမ်းသန်းပစ်ခတ်နေတာ ဟု ပြောသည်။

လက်ရှိတွင် ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ်က စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသန်းပစ်ခတ်ခြင်းများကြောင့် ဒေသခံ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရပြီး၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပင် ခက်ခဲနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်တပ်၏ အရပ်သား ပစ်မှတ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ် သက်၍ ကေအဲန်ယူ တပ်မဟာ (၁) အနေဖြင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် စစ်ရေးသတိ အမြဲရှိ နေရန် နှိုးဆော်ထားသည်။