ဧရာဝတီစစ်မျက်နှာ ကျယ်ပြန့်လာ၍ လမ်း၃ ခွဆုံတွင် စစ်တပ် ခံစစ်ပြင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်။

ရခိုင်ပြည်အတွင်းမှ တိုက်ပွဲများ ဧရာဝတီတိုင်းဘက်သို့ နီးကပ်လာပြီး အာရက္ခတပ်တော် (AA) ၏ စစ်မျက်နှာ ကျယ်ပြန့်လာသောကြောင့် စစ်ရေးဗျူဟာအရ အချက်အချာကျသည့် ရေကြည်မြို့နယ်၊ အသုပ်မြို့တွင် စစ်တပ်က ခံစစ်ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်-မုံရွာလမ်းပေါ်တွင် တည်ရှိသည့် အသုပ်မြို့သည် ရခိုင်ပြည်၊ ဂွမြို့နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထား သည့် လမ်းခွဆုံမြို့ဖြစ်ပြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ ပုသိမ်မြို့နှင့်လည်း ကား လမ်း၊ ရေလမ်း၊ ရထားလမ်းများဖြင့် တဆက်တည်း ဆက်စပ်နေသဖြင့် ကုန်စည်စီးဆင်းမှုနှင့် စစ်ရေးဗျူဟာအရ အလွန်အရေးပါသော နေရာတစ်ခုဖြစ်သည်။

လက်ရှိတွင် ရေကြည်မြို့နယ် မြောက်စမ်းရွာအခြေစိုက် အမြောက်တပ်ရင်း အမတ (၃၄၄) နှင့် ၁၅ မိုင်ခန့်အကွာ ရှိ အသုပ်မြို့၊ ဆတ်ဒေါင့်ကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲလျက်ရှိသည်။

အသုပ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပုသိမ်-မုံရွာလမ်းဆိုတာ အသုပ်မြို့ကို ဖြတ်ဖောက်ထားတာ။ ရေ ကြည်အမြောက်တပ်ဘက်ကလာရင် ၁၅ မိုင်ကျော်ကျော်ရှိတယ်။ အေအေက အမြောက်တပ်ကို ဝင်တိုက်လိုက် ပြန်ဆုတ်သွားလိုက်လုပ်နေပြီး အဖြတ်အတောက်လို စိုးမိုးလာတော့၊ နှစ်ဘက်စစ်ကူမီတဲ့ အသုပ်မြို့မှာ စစ်တပ် က ခံစစ်ပြင်လာတာပါ။ မြို့ကလူတွေ ချောဆွဲခံရမှာ စိုးရိမ်နေကြတယ်။ ဒီမနက်တင် ကားအစီး ၂၀ ကျော် ရေကြည်နဲ့ အသုပ်ကြားက ကွင်းပြင်တွေ၊ ရွာတွေဘက် ဆင်းသွားပြီ။ ဆတ်ဒေါင့်ကြီးရွာဘက် အထိုင်ချမယ်လို့ သိရတယ် ဟု ပြောသည်။

အသုပ်မြို့မြောက်ဘက် ပုသိမ်-မုံရွာလမ်းအတိုင်း တက်လာလျှင် ဆတ်ဒေါင့်ကြီး၊ ကွင်းသုံးဆင့်၊ ခနောင်၊ ဂုံမင်း နှင့် ဘုရားကြီးကုန်း စသည့် ကျေးရွာများရှိပြီး အဆိုပါနေရာများသည် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်း တပ်ဖွဲ့များ ရောက်ရှိလာနိုင်သည့် နယ်မြေများဖြစ်သည်။

တိုက်ပွဲများ နီးကပ်လာခြင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ကျုံပျော်နှင့် သာပေါင်း စသည့်မြို့နယ်များတွင် စစ်တပ်က ခံစစ်အင်အားဖြည့်တင်းခြင်း၊ အရပ်သားများကို လုံခြုံရေးအဖွဲ့ များတွင် အတင်းအဓမ္မ ပါဝင်ခိုင်းခြင်းနှင့် ရိက္ခာဖြတ်တောက်ခြင်းများကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

အထူးသဖြင့် ရခိုင်ပြည်နှင့် ထိစပ်နေသည့် နယ်မြေများအပြင် ရေကြည်၊ သာပေါင်းနှင့် လေးမျက်နှာမြို့နယ်များ တွင် ရိက္ခာသယ်ယူခွင့်များကို ကန့်သတ်ဖြတ်တောက်ထားကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိ ဧရာဝတီ-ရခိုင်အစပ် စစ်မျက်နှာသို့ ရှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၁၇) လက်အောက်ခံတပ်ရင်းများနှင့် မွန်ပြည် အခြေစိုက် တပ်ရင်းအချို့ကို စစ်တပ်က စစ်ကူပို့ဆောင်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဆိုသည်။

အဆိုပါစစ်မျက်နှာတွင် စစ်တပ်ဘက်မှ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀) တို့အပြင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ (၆၃) နှင့် ခလရ (၂၇၁) တို့ဖြင့် အင်အားဖြည့်တင်း စစ်ရေးပြင်ဆင်နေခြင်း ဖြစ်သည်။