ဒရုန်းတိုက်ခိုက်မှုကြောင့် မော်စကိုရေနံချက်စက်ရုံ နှစ်ကုန်အထိ လည်ပတ်နိုင်မည်မဟုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်။

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားနိုင်ငံ၏ အကြီးဆုံး မော်စကိုရေနံချက်စက်ရုံကြီး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရပြီးနောက် ယခု နှစ်ကုန်ပိုင်းအထိ ရေနံချက်လုပ်မှုလုပ်ငန်းစဉ်များ လုံးဝရပ်ဆိုင်းသွားဖွယ်ရှိကြောင်း ရိုက်တာ (Reuters) သတင်းဌာနက ကဏ္ဍတွင်း သတင်းမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။

အဆိုပါ ဗျူဟာမြောက် စွမ်းအင်ကဏ္ဍ ထိုးနှက်ခံရမှုကြောင့် ရုရှားနိုင်ငံတစ်ဝန်းတွင် စက်သုံးဆီ ပြတ်လပ်မှုနှင့် ဆီဈေးနှုန်း အဆမတန်မြင့်တက်မှု ပြဿနာများကို ရင်ဆိုင်နေရပြီး ဆီဆိုင်များတွင် မော်တော်ယာဉ်များ ရှည်လျားစွာ တန်းစီစောင့်ဆိုင်းနေကြရသည်ဟု သတင်းများတွင် ဖော်ပြသည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ အဆိုအရ ကိဗ် (Kyiv) စစ်တပ်၏ တာဝေးပစ်ဒရုန်းများသည် စစ်မျက်နှာပြင်နှင့် ကီလိုမီတာ ၁,၅၀၀ (မိုင် ၉၃၀ ခန့်) အထိ ဝေးကွာသော ဥဖာ (Ufa) မြို့ရှိ ရေနံချက်စက်ရုံနှစ်ခုနှင့် ခရက်စနိုဒါ (Krasnodar) ဒေသရှိ ရေနံသိုလှောင်ရုံများကိုပါ အောင်မြင်စွာ ဆက်တိုက်ထိုးနှက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရမှုများကြောင့် ရုရှားအစိုးရသည် ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို မြို့တော်မော်စကို၊ သမ္မတပူတင်၏ စံအိမ်တော်ရှိရာ ဗာလ်ဒိုင်း (Valdai) မြို့နှင့် ခရိုင်းမီးယားကျွန်းဆွယ်သို့ ဆက်သွယ်ထားသည့် ကာ့ချ်တံတား (Kerch Bridge) ကဲ့သို့သော ဗဟိုချက်မ ပစ်မှတ်ကြီးများဆီသို့ အရေးပေါ် ရွှေ့ပြောင်းအင်အားဖြည့်တင်းနေရသည်ဟု ယူကရိန်း သမ္မတက ပြောသည်။ 

လက်ရှိတွင် ရုရှားအစိုးရအနေဖြင့် ပြည်တွင်းဆီပြတ်လပ်မှုကို ဖြေရှင်းရန် ပြည်ပသို့ ဒီဇယ်ဆီတင်ပို့မှု ပိတ်ပင်ရန် စဉ်းစားနေရသည့်အပြင်၊ အရပ်သားများကို ဓာတ်ဆီရောင်းချမှု ဆိုင်းငံ့ထားရသည့် ခရိုင်းမီးယားဒေသအတွက် ပြည်ပမှ စက်သုံးဆီ ပြန်လည်တင်သွင်းရန်အထိ စီစဉ်နေရသည်ဟု ဆိုသည်။