မကွေးတိုင်း မင်းတုန်းတွင် စစ်အုပ်စုတပ် အင်အားဖြည့်ပြီး ရခိုင်ရိုးမကို လေကြောင်းမှ ဗုံးကြဲနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်းရှိ ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန်အတွက် စစ်အုပ်စုတပ် က မင်းတုန်းစစ်မျက်နှာတွင် အင်အားများ ဖြည့်တင်းလျက်ရှိပြီး ပါရာမော်တာများ အသုံးပြုကာ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်း ရခိုင်ရိုးမအစပ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ဘက်မှ ပါရာမော်တာများ အသုံးပြု၍ တိုက်ပွဲများကို စစ်ကူတိုက်ခိုက်ပေးနေခြင်း ဖြစ်သည်။

အောင်လံဘက်ကမ်းမှ ဇက်ရေယာဉ်များဖြင့် သယ်ဆောင်လာသည့် စစ်ယာဉ်တန်း ၄၇ စီးနှင့် အင်အား ၃၀၀ ခန့် သည် မင်းတုန်းမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၅ ရက် နိုဝင်ဘာလဆန်းပိုင်းက ဝင်ရောက်လာခဲ့ပြီး အဆိုပါ စစ်ကြောင်းသည် ခလရ (၄၄) တပ်ရင်းတွင် ခေတ္တအခြေပြုကာ မင်းတုန်းမြို့ဘက်သို့ အင်အား ဆက်လက် ဖြည့်တင်းခဲ့သည်။

မင်းတုန်းမြို့ရှိ AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က “မင်းတုန်းကနေ ရခိုင်ရိုးကို တက်ဖို့ စစ်တပ် အင်အား ၃၀၀ လောက်ထပ်ဖြည့်တယ်။ အခုရိုးအနီးတဝိုက်က တပ်တွေပြန်ဆင်းတာနည်းတယ်။ အသေအပျောက်များ တော့ Paramotor အသုံးပြုတာများလာနေတယ်။ တပ်မ ၅၅ ရယ်၊ ခလရ ၄၄ ရယ် ထုတ်နုတ်အင်အားရယ်၊ ပစတွေရယ် ရိုးပေါ်ကို အဖြတ်လိုက် တက်ထိုးနေတယ်။ အေအေနဲ့ မဟာမိတ်တွေက အထိုင်ကနေပစ်တယ်။ စနိုက်ဘာ သုံးတယ်” ဟု ပြောသည်။

ရခိုင်ရိုးမအစပ်တွင် AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များအပြင် စစ်အုပ်စုတို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်အုပ်စုဘက်က တပ်မ (၅၅) မှ အင်အားဖြည့်တင်းမှုများကိုပါ လုပ်ဆောင်လာသည်။

အဆိုပါ ယာဉ်တန်းများသည် နိုဝင်ဘာ ၅ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်တွင် ချင်းနစ်ကျေးရွာကို ပါရာမော်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် အဆောက်အအုံ ၄ လုံး ပျက်စီးခဲ့ရသည်။

ဒေသခံ အမျိုးသားတစ်ဦးက “ရခိုင်ကိုထိုးဖို့နဲ့ ချင်းပြည်ကို တက်ဖို့ ကပစ ၂၄ က ထွက်ခွာလာတဲ့ စစ်ကြောင်း တွေ ယာဉ်တန်းတွေကို ပန်းဆန် ကျေးရွာမှာ ထားရှိခဲ့ပြီး ကျောက်ထု အမတ ၃၆၈ အတွင်းကို အားလုံး ဝင် ရောက်လာပြီ အဲ့ဒီကတဆင့် ထုတ်နုတ် အင်အားနဲ့ ခွဲပြီး မင်းတုန်းဘက် တက်မယ်လို့သိရတယ်” ဟု ပြောသည်။

မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်း ရခိုင်ရိုးမတောင်တန်း အစပ်ဒေသများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး မဟာဗျူဟာကျသည့် တောင်ကြားလမ်းများနှင့် ရိုးမတောင်ခြေ ကျေးရွာများအနီးတွင် နှစ်ဖက် စစ်ရေး လှုပ်ရှားမှုများ အားကောင်းလျက်ရှိသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ရိုးမတောင်ခြေ တစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများမှာ စစ်ဘေးစစ်ဒဏ်ကို စိုးရိမ်ပူပန်ကာ ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေကြရပြီး မင်းတုန်းမြို့နယ် အနောက် ဘက်ခြမ်း ဒေသများသို့ ဆန်၊ ဆီ၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ သယ်ယူပို့ဆောင်ရန်ပါ အခက်အခဲ များနှင့် ရင်ဆိုင်နေကြရသည်။

ဓာတ်ပုံ – (စစ်အုပ်စုတပ်ဖွဲ့ဝင်များ – ပုံဟောင်း။ / Original uploader)