မကွေးတိုင်း မင်းတုန်းတွင် ဆုတ်ပြေးရသော စစ်တပ်က လေကြောင်းမှ ဗုံးကြဲသဖြင့် အရပ်သား ၃ ဦး သေဆုံး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
မကွေးတိုင်းနှင့် ရခိုင်ပြည် အစပ်ဖြစ်သော မင်းတုန်းမြို့နယ် တလိုင်းတောင် လမ်းပိုင်း၌ ဖြစ်ပွားသော တိုက်ပွဲများ အတွင်း စစ်အုပ်စုတပ်ဘက်မှ အထိနာကာ စစ်သုံ့ပန်းများ ဖမ်းဆီးခံရပြီးနောက် ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့သည်။
အောက်တိုဘာလ ၈ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ကို အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ အကျအဆုံး များပြားခဲ့ သည့်အပြင် အောက်တိုဘာလ ၁၃ ရက်နေ့အထိ စစ်သုံ့ပန်း ၁၂ ဦးထက်မနည်း အရှင်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ အများစုမှာ စိတ်ကြွဆေးပြား အလွန်အကျွံ သုံးစွဲခိုင်းပြီး ရှေ့ဆုံးမှ တက်ခိုင်းခံရသည့် ပြည်သူ့ စစ်များ ဖြစ်ကြသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ မြေပြင်တွင် အထိနာ၍ ဆုတ်ပြေးရသည့် စစ်အုပ်စုတပ်သည် ရခိုင်ရိုးမအစပ်ရှိ ကျေးရွာများကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာသို့ စက်တပ်လေထီး (ပါရာမော်တာ) ဖြင့် ဗုံးသီး ၈ လုံး ကြဲချခဲ့သဖြင့် အသက် ၄၀ အရွယ် မဲဇလီကျေးရွာသား ကိုစည်သူ သေဆုံးခဲ့သည်။
အလားတူ အောက်တိုဘာလ ၈ ရက်နေ့ကလည်း ချင်းနစ်ကျေးရွာသို့ ဗုံးသီး ၉ လုံး ကြဲချကာ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၈၃ နှစ်အရွယ် ဦးထွန်းတင်နှင့် အသက် ၁၂ နှစ်အရွယ် မောင်ဝေယံဦးတို့ နေရာ၌ပင် သေဆုံးခဲ့ရပြီး အခြား ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
မင်းတုန်းဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “လက်ရှိ တလိုင်းတောင်-မင်းတုန်းလမ်း ပိုင်းမှာ တိုက်ပွဲတွေရှိတော့ မဲဇလီကျေးရွာအပါအဝင် ချင်းနစ်ကျေးရွာကိုပါ စစ်တပ်က ဗုံးကြဲလို့ သေဆုံးတာ တွေ ရှိတယ်။ တချို့ရွာတွေက တော်လှန်ရေးတပ်တွေ မရှိလဲ စစ်တပ်ကဗုံးကြဲနေတယ်၊ ဒေသခံတွေအများစုက ရှောင်နေတယ်၊ ဒါပေမယ့်တချို့က စားဝတ်နေရေးအရမရှောင်နိုင်တာတွေရှိတယ်၊ ဒီအခြေအနေမှာ ဒေသခံ ရွာသားတွေ၊ စစ်ရှောင်တွေထိတော့တာပဲ” ဟု ပြောသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ် တဲကြီးရွာတွင် အထိုင်ချထားသည့် စစ်အုပ်စုတပ်ကို လည်း တော်လှန်ရေး ပူးပေါင်းတပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားရာ အောက်တိုဘာလ ၁၂ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကြောင်းမှူး အပါအဝင် စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ဆိုသည်။
မင်းတုန်းဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း “မင်းတုန်းနဲ့ ရခိုင်ဘက်ကို စီးပွားကုန်သွယ်တာရော အေအေက တချို့နေရာတွေ စိုးမိုးလာတာတွေကြောင့် စစ်တပ်က စစ်ကြောင်းတွေထိုး ဗုံးတွေကြဲလုပ်နေတာပါ၊ လောလောဆယ် စီးပွားကုန်သွယ်ရေးကတော့ ပျက်စီးသွားပြီး စစ်ရှောင်နဲ့ ဒေသခံတွေ တော်တော် ခက်ခဲနေ တယ်။ မင်းတုန်းမှာ စစ်တပ်က မတရားဖမ်းတာတွေလည်း ရှိတယ်။ ကုန်သည်တွေကို စုံစမ်း စစ်ဆေးတယ်၊ ရခိုင်ဘက်ကဆို မလွယ်ဘူး” ဟု ပြောသည်။
ရခိုင်ပြည်ဘက်သို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စုသည် စက်တင်ဘာလဆန်းပိုင်းမှစ၍ မင်းတုန်းမြို့ နယ်အတွင်းရှိ စခန်း ၁၄ ခုထက်မနည်း လက်လွှတ်ထားရပြီး စစ်ရေးအရ အထိနာနေချိန်တွင် အရပ်သားများ နေထိုင်ရာ ကျေးရွာများကို အကဲဆတ်စွာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်။
ဓါတ်ပုံ – Crd