မကွေးတိုင်း ရခိုင်ရိုးမအစပ်၌ စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲ၍ အရပ်သားများ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေရင်းရှိ ဇွန်းကျကျေးရွာကို စစ်အုပ်စုတပ်က စက်တပ်လေထီး (Paramotor) များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အို အပါအဝင် ဒေသခံ ပြည်သူ ၆ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၄ နာရီ ၄၀ မိနစ်ခန့်တွင် သရက်မြို့နယ်၊ ကပစ (၁၂) မှ တက်လာ သည့် စစ်တပ်၏ စက်တပ်လေထီး ၃ စီးသည် စစ်ရေးပစ်မှတ် မဟုတ်သည့် ဇွန်းကျကျေးရွာအတွင်းသို့ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သရက်ခရိုင် အမှတ် (၄) ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ထုတ်ပြန်သည်။

မင်းတုန်းဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက “ဇွန်းကျကျေးရွာက ရခိုင်ရိုးမတောင်ခြေရင်းမှာ ရှိတာပါ။ တောင်ယာလုပ်သူတွေ၊ မျှစ်ရှာ ဝါးရှာထွက်တဲ့သူတွေနဲ့ ရခိုင်ဘက်က စစ်ရှောင်တချို့ နေတာ။ အခု အဲဒီနေရာ တွေကနေ ရခိုင်ရိုးမကိုကျော်ဖို့ စစ်ကြောင်းတွေရှိနေတာ၊ မြေပြင်အခြေအနေ မကောင်းလို့ လေကြောင်း ပစ်ကူနဲ့ စစ်ကြောင်းတက်တာ။ ဇွန်းကျကျေးရွာအုပ်စု စခန်းကြီးရွာ၊ ကြို့ပင်ရွာ၊ သရက်ချဉ်ရွာ၊ ဒေါင်းဝါရွာ တွေမှာ စစ်ရေးတင်းမာနေတယ်” ဟု ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇွန်းကျကျေးရွာတွင် နေထိုင်သည့် အသက် ၇၀ အရွယ် ဒေါ်ပစာ၊ အသက် ၁၇ နှစ် အရွယ် မခင်ဝေဇင်မိုး၊ အသက် ၂၅ နှစ်အရွယ် မနွယ်နွယ်ဝင်းတို့အပြင် အသက် ၁၁ နှစ်အရွယ် မထက်သဇင် လှိုင်၊ အသက် ၁၀ နှစ်အရွယ် မငုဝါလှိုင်နှင့် အသက် ၁၅ နှစ်အရွယ် မောင်ကောင်းထက်ကျော် စသည့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄ ဦး အပါအဝင် စုစုပေါင်း ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့ပြင် အသက် ၂၃ နှစ်အရွယ် ဒေါ်မာလာ၊ အသက် ၁၃ နှစ်အရွယ် မောင်မင်းထက်ဦး၊ အသက် ၁၀ နှစ်အရွယ် မောင်ချစ်မဝ၊ အသက် ၁၄ နှစ်အရွယ် မမြမှူးမေ နှင့် အသက် ၁၆ နှစ်အရွယ် မသင်းသင်းလှိုင်တို့ ၅ ဦးလည်း ဗုံးစထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့သည်။

ဇွန်းကျကျေးရွာသည် မင်းတုန်းမြို့နယ်၏ အနောက်ဘက် အစွန်ဆုံး၊ ရခိုင်ရိုးမ တောင်တန်းကြီး၏ တောင်ခြေ တွင် တည်ရှိပြီး ရခိုင်ပြည် မင်းပြား၊ အမ်းနှင့် မြေပုံမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်တောင် ကြား လမ်းကြောင်းပေါ်ရှိ ကျေးရွာတစ်ရွာ ဖြစ်သည်။

လက်ရှိတွင် မင်းတုန်းမြို့နယ်နှင့် ရခိုင်ရိုးမအစပ်ကို အင်အား ၁,၀၀၀ ကျော်ပါသည့် စစ်အုပ်စု စစ်ကြောင်းများက နယ်မြေစိုးမိုးရန် ကြိုးပမ်းနေ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း​ မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

စစ်အုပ်စုတပ်သည် မင်းတုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသဖြင့် ဒေသခံများအနေဖြင့် စစ်ရေးသတိ အပြည့်ဖြင့် နေထိုင်ကြရန် သရက်ခရိုင် အမှတ် (၄) တပ်ရင်းက အသိပေး နှိုးဆော်ထားသည်။

ဓါတ်ပုံ – Crd