သုံးရက်ကြာ ရခိုင်ရိုးမတိုက်ပွဲများမှ စစ်မှုထမ်းသစ်များ ထွက်ပြေးမှုရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အနီး ရခိုင်ရိုးမပေါ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်း တပ်ဖွဲ့တို့အကြား သုံးရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်နေပြီး လမ်းများပိတ်ကာ စစ်တပ်ဘက်မှ စစ်မှုထမ်းသစ်များ ထွက်ပြေးမှုများ ရှိနေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
မင်းတုန်းမြို့တွင် စုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များ အပါအဝင် အင်အား ၃၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းသည် ဇွန်လပထမပတ်ကတည်းက ရခိုင်ရိုးမပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ ဇွန်လ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
မင်းတုန်းမြို့ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက “ရိုးမပေါ်သုံးရက်ဆက်တိုက်တိုက်ပွဲဖြစ်တဲ့အပြင် မင်းတုန်ကနေ ရိုးမပေါ်သွားတဲ့ ကျေးရွာချင်းဆက်လမ်းတွေမှာပါ စစ်ရေးတင်းမာနေတယ်၊ စစ်တပ်က ပွိုင့် ရှင်းပြီးသွားလာနေတာရှိတယ်၊ အေအေပူးပေါင်းတပ်က အဲ့လမ်းမပေါ်ရောက်လာလိုက် ပြန်ပျောက်သွား လိုက် လုပ်နေတယ်၊ လူသွားလူလာလည်း မရှိသလောက်ပဲ၊ စစ်တပ်က ကားတွေပဲ အသွားအလာရှိတယ်။ စစ်တပ် တပ်ဆုတ်မယ်လို့လည်း ကြားတယ်” ဟု ပြောသည်။
ဗျူဟာမြောက် သရက်-မင်းတုန်း ကားလမ်းတစ်လျှောက်တွင် စစ်တပ်က အင်အား ရာနှင့်ချီအသုံးပြုကာ ထိုးစစ်ဆင်နေသော်လည်း လက်ရှိတွင် အကျအဆုံး များနေသဖြင့် မင်းတုန်းမြို့ဘက်သို့ ပြန်လည် နောက်ဆုတ် သွားသည်။
ထို့နောက် အင်အားပြန်ဖြည့်ကာ ရိုးမပေါ်သို့ ပြန်တက်၍ စစ်ကြောင်းထိုးခြင်းများကို အကြိမ်ကြိမ် ပြုလုပ်နေ ကြောင်း ဒေသခံအချို့က အတည်ပြုပြောသည်။
လက်ရှိတွင် ရခိုင်ရိုးမနှင့် နီးစပ်သည့် င/ကုန်း၊ ပြောင်း၊ ဒေါင်းတိုက်နှင့် သဖန်ရောင် ကျေးရွာတို့၌ အထိုင်ချ တပ်စွဲထားသော စစ်တပ်သည် AA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ၏ ပျောက်ကျား တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ရန် ပြင်ဆင်နေရသည်။
ထို့ပြင် စစ်တပ်ဘက်မှ ရှေ့တန်းတင်ထားသည့် စစ်မှုထမ်းသစ်များအကြား ထွက်ပြေးမှုများ ရှိနေသဖြင့် ၎င်းတို့ ကို ပြန်လည်ဖမ်းဆီးမှုများလည်း လုပ်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
စစ်ရေးအခြေအနေကြောင့် သရက်-မင်းတုန်း လမ်းပိုင်းတွင် ကုန်စည်စီးဆင်းမှုအချို့ ပြတ်တောက်နေပြီး၊ ရခိုင်ဘက်မှ ကုန်သည်များ အသွားအလာ လုံးဝနည်းပါးသွားဟု ဆိုကြသည်။
ရခိုင်ကုန်သည်အမျိုးသမီးတစ်ဦးက “ကုန်ခဲ့တဲ့လကတည်းက ရခိုင်ကကုန်သည်တချို့အဲ့ လမ်းပိုင်းမှာအသွား အလာမရှိသလောက်ပဲ ရခိုင်ကုန်သည် ဆို တမင်ဖမ်းတာလေ။ အချင်းချင်း သတိပေးထားကြတယ်။ လက်ရှိ ကုန်တချို့နဲ့ပိတ်မိနေတဲ့ ကုန်သည်တွေ ရှိသေးတယ်။ သရက် – မင်းတုန်းလမ်းပိုင်းမှာ တချို့နေရာတွေ သွားလို့ ရပေမယ့် ရခိုင်ရိုးနဲ့နီးတဲ့ အပိုင်းမှာတော့ အခုသွားလို့ အဆင်မပြေပါဘူး” ဟု ပြောသည်။
ရခိုင်ရိုးမနှင့် တစ်ဆက်တည်းရှိသည့် သရက် – မင်းတုန်း လမ်းပိုင်းသည် စစ်တပ်အတွက် စစ်ရေးအရရော ကုန် သွယ်ရေးအရပါ ဗျူဟာမြောက် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်သဖြင့် လမ်းပိုင်းစိုးမိုးရေး အတွက် စစ်တပ်က ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
အဆိုပါ မင်းတုန်းတိုက်ပွဲတွင် သရက်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၄၄၊ လက်နက်စက်ရုံ (ကပစ) ၁၂ တို့မှ ထုတ်နုတ်အင်အားများနှင့် အတူ မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှ အဓမ္မ စုဆောင်းခံထားရသည့် စစ်မှုထမ်းတပ်သားသစ်များ ပါဝင်တိုက်ခိုက်ခိုင်းနေခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်တပ်သည် မင်းတုန်းမြို့နယ် အတွင်းသို့ စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးစစ်ဆင်နေပြီး၊ မင်းတုန်းအနောက်ခြမ်းရှိ ကျေးရွာများနှင့် ရခိုင်ရိုးမပေါ်ရှိ တော်လှန်ရေး အင်အားစုများ ရှိနိုင်မည့်နေရာများကို လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများ အလွန်အကျွံအသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိ သည်။