NCA လက်မှတ်ထိုး အဖွဲ့များနှင့် စစ်တပ် တွေ့ဆုံဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။

စစ်တပ်သည် အပစ်ရပ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များထဲမှ ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) ကို နေပြည်တော်၌ ခေါ်ယူကာ နှစ်ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးထွက်ပေါက်ရှာရန် ကြိုးပမ်းလာသည်။

ဇွန်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ၎င်းတွေ့ဆုံပွဲ၌ စစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက်ကို လွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး တရားဝင်တွေ့ဆုံမှုများ ဆက်လုပ်သွားမည်ဟု ဆိုသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ 7 EAO Alliance အဖွဲ့ခေါင်းဆောင် (RCSS အတွင်းရေးမှူး-၁) ဗိုလ်မှူးကြီး စိုင်းငင်းက စစ်တပ်၏ ဖိတ်ခေါ်မှုကို ကြိုဆိုကြောင်းနှင့် လက်ရှိခေတ်အခြေအနေများနှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင်လိုကြောင်း ပြောဆိုသည်။

ဗိုလ်မှူးကြီး စိုင်းငင်းကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိအခြေအနေများနှင့်အညီ ပြန်လည်ဖော်ဆောင် နိုင် ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သင့်သော အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အား အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဟု ဇွန်လ ၁၀ ရက်နေ့ နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နိုင်ငံတကာ အကူအညီများ ရရှိနိုင်ရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်နိုင်မည့် အစည်းအဝေးကျင်းပရာနေရာ (ပြည်တွင်း/ပြည်ပ) ရွေးချယ်နိုင်ရေးတို့ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း နှစ်ဖက် ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း ယခုတွေ့ဆုံသည့် 7 EAO Alliance (RCSS၊ KNU/KNLA-PC၊ NMSP၊ LDU၊ DKBA၊ ALP၊ PNLO) မဟာမိတ်အဖွဲ့သည် အာဏာမသိမ်းမီက အင်အားတောင့်တင်းခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကျောင်းသားတပ်မတော် (ABSDF) ကဲ့သို့ မြေပြင်တွင် အမှန်တကယ် တိုက်ပွဲဝင်နေသည့် အဖွဲ့ကြီးများ နုတ်ထွက်သွားပြီးနောက်ပိုင်း အမည်ခံလောက်သာ ကျန်ရှိတော့သည့်အဖွဲ့ဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

အလားတူ အဖွဲ့ဝင်ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ထဲတွင်ပင် စစ်တပ်ကို ပြန် လည် တိုက်ခိုက်နေသည့်အဖွဲ့နှင့် နေပြည်တော်ဆွေးနွေးပွဲတက်သည့်အဖွဲ့ဟူ၍ အကွဲအပြဲများ ဖြစ်ပေါ်နေသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ပြီးခဲ့သည့် ဧပြီလတွင် ဖိတ်ခေါ်ခဲ့ရာ တော်လှန်ရေးအင်အားစုအချို့ကမူ ထိုဖိတ်ခေါ်ချက်များသည် စစ်ရှုံးနေသည့် စစ်တပ်၏ ဟန်ပြသက်သက် ကစားကွက်သာဖြစ်ကြောင်း ဝေဖန်ထားကြသည်။

စစ်တပ်ဘက်က ကန့်သတ်ချက်မရှိ ဖိတ်ခေါ်သည်ဟု ဆိုသော်လည်း၊ တော်လှန်ရေးအင်အားစု များကမူ စစ်တပ် အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခွင့်မရှိတော့ဘဲ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ဟူသည့် အခြေခံမူဝါဒများအပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မဟာမိတ်အင်အားစုများအနေဖြင့် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းပြီး နိုင်ငံရေးအရ အနှစ်သာရရှိသည့် အပြောင်းအလဲများ ပေါ်ပေါက်လာစေရန်အတွက် စစ်ရေး၊ နိုင်ငံရေး ဖိအားပေးမှုများကို ဟန်ချက်ညီညီ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။