ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့ပဋိပက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်အတွက် မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ယခုနှစ် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသလို၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်လည်းဖြစ်သူ မာရီယာ ထရီဆာ လာဇရို (Ma. Theresa Lazaro) က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် နစ်ကေး (Nikkei) ဖိုရမ်တွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

၎င်းက မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေမှန်များကို သိရှိနားလည်နိုင်ရန်နှင့် အာဆီယံအနေဖြင့် အမှန်တကယ် မည်ကဲ့သို့ ကူညီပံ့ပိုးပေးနိုင်မလဲဆိုသည်ကို ရှာဖွေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တွေ့ဆုံရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ဆိုသည်။ သ

သို့ရာတွင် မည်သည့်အဖွဲ့အစည်းများနှင့် မည်သည့်နေရာတွင် တွေ့ဆုံဆွေးနွေးမည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်ပိုင်းအား အာဆီယံ၏ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။ 

သို့သော်လည်း ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်အုပ်စုသည် အရပ်သားအစိုးရအသွင် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။ 

စစ်အုပ်စုဘက်ကလည်း အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်ပေါ်လာစေရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက သတင်းသမားများကို ပြေထားသည်။ 

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြန်မာ့အရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်သည့် ‘သက်ဆိုင်သူများ အစည်းအဝေး’ (Stakeholders’ meeting) တစ်ခုကို ခေါ်ယူကျင်းပခဲ့ဖူးသည်။