ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် အချို့အဖွဲ့များနှင့် အလွတ်တွေ့ဆုံမှုများ စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်။ 

မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ ပြင်းထန်နေချိန်တွင် စစ်အုပ်စုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် အလွတ် သဘော တွေ့ဆုံဆွေးနွေးမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

စစ်အုပ်စုသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ လက်မှတ်မရေးထိုးထားသည့် အဖွဲ့များသာမက NCA လက်မှတ်ထိုးထားပြီး လက်ရှိတွင် ၎င်းတို့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များကိုပါ တွေ့ဆုံဆွေးနွေးရန် စာပို့ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

NCA အပစ်ရပ် ၇ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက စစ်အုပ်စု၏ ဖိတ်ခေါ်စာကို ဧပြီလ ၂၄ ရက်နေ့ကတည်းက ရရှိထားသည်ဟု အတည်ပြုသည်။ 

၎င်းက တစ်ဖွဲ့ချင်းကိုလည်း ဖိတ်တယ်၊ ၇ ဖွဲ့စုပေါင်းပြီးတော့ တစ်ပေါင်းတည်း ဖိတ်တယ်ဆိုတော့ သူက ပုံစံ ၂ မျိုးဖြစ်တယ်။ ဒါကြောင့် တစ်ဖွဲ့ချင်းကလည်းပဲ ကိုယ့်အခြေအနေပေးတဲ့အပေါ်မှာ သွားရောက်တွေ့ဆုံ ဆွေး နွေး၊ တစ်ဖက်ကလည်း တစ်စုတစ်စည်းတည်းလည်း သွားပေါ့လေ။ အဲဒီအတွက် ပြင်ဆင်ကြတာဖြစ်ပါတယ် ဟု ပြောသည်။

ထို့ပြင် လက်ရှိတွင် စစ်အုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အလွတ်သဘောတွေ့ဆုံမှုများကို စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။ 

ဗိုလ်မှူးကြီးခွန်ဥက္ကာက စတွေ့နေပါပြီခင်ဗျာ။ တရားဝင်မပြောတာ ဆိုပေမယ့် အလွတ်သဘောလည်း ဖြစ်တာ ကိုး။ နောက် ပဏာမ ဖိတ်ခေါ်ချက်တွေ၊ ရှင်းလင်းချက်တွေ၊ ကမ်းလှမ်းချက်တွေ ဖြစ်နေတော့ တွေ့နေကြ ပါပြီ။ ကျနော်ကတော့ တွေ့ပြီးပြီခင်ဗျာ။ လွန်ခဲ့တဲ့ သုံးလေးရက်ကပဲ ကျနော်တို့ တွေ့ပါတယ်။ နောက်ပိုင်း ကျတော့ မော်လမြိုင်မှာ တောင်ပိုင်းအဖွဲ့တွေ တချို့နဲ့တွေ့လိမ့်မယ်။ အဲဒါပြီးရင်တော့ မြောက်ပိုင်းမှာ တချို့ အဖွဲ့တွေ တွေ့လိမ့်မယ် ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

သို့သော်လည်း စစ်အုပ်စု၏ ဤဖိတ်ခေါ်မှုသည် မြေပြင်တွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် အခြေအနေများနှင့် များစွာကင်းကွာနေသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) အထွေထွေ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။

ငြိမ်းချမ်းရေးကို ခေါ်တယ်ပြောပြီးတော့မှ ဒီနေ့အချိန်အထိ ကျနော်တို့ ပြည်နယ်ထဲမှာ နောက်တစ်ခြား ဒေသတွေမှာ နေ့စဉ် လေယာဉ်နဲ့ ဗုံးကြဲ၊ ဒရုန်းနဲ့ပစ်၊ အမြောက်နဲ့ပစ် ဒါတွေကို မရပ်စဲဘဲနဲ့ ကျနော်တို့က ဘယ်လိုလုပ် စားပွဲပေါ်မှာ တင်ပြီးမှ နိုင်ငံရေး ဆွေးနွေးရမှာလဲ။ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ကတော့ ကျနော်တို့ အလုပ်မဖြစ်ဘူး။ 

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်ကလည်း ၎င်းတို့အနေဖြင့် ဖိတ်ခေါ်စာရရှိထားပြီး ဆွေးနွေးရန် ပြင်ဆင်နေသော်လည်း စစ်ရေးနှင့် နိုင်ငံရေးအခင်းအကျင်း ကွဲပြားနေသည့် စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ပြောသည်။ 

၎င်းက ငြိမ်းချမ်းရေးအတွက် အာသီသရှိနေရက်သားနဲ့ ကျနော်တို့ရဲ့ လုပ်နည်းလုပ်ဟန်တွေ၊ ကျနော်တို့ သွားနည်းသွားဟန်က ကွဲပြားမှုရှိနေမယ်ဆိုတာ ဘယ်လိုမှ လွန်ဆန်လို့မရတဲ့ အရှိတရားပါ။ ဒါပေမဲ့ ကျနော် တို့အနေနဲ့ တတ်နိုင်တဲ့အဆင့်ကနေ စပြီးတော့ တစ်ဖြည်းဖြည်းပေါ့လေ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ဆိုတာက အခက်အနေတွေ၊ စိန်ခေါ်မှုတွေ အများကြီးကြားကနေ ကျနော်တို့ ဆက်လက်ရုန်းကန် ကြိုးပမ်းရမယ့် လုပ်ငန်းတွေကလည်း တော်တော်လေး အများကြီးရှိတယ် ဟု ပြောသည်။

စစ်အုပ်စုသည် အလွတ်သဘော တွေ့ဆုံမှုများကို ထိုင်းနိုင်ငံအပြင် ပြည်တွင်းရှိ မော်လမြိုင်၊ ကျိုင်းတုံနှင့် မိုင်းလားဒေသများတွင် ပြုလုပ်ရန် စီစဉ်နေပြီး အစုအဖွဲ့အားလုံးကို နေပြည်တော်၌ တွေ့ဆုံရန် ရည်ရွယ်ထား ဟု ဆိုသည်။ 

သို့သော်လည်း NCA လက်မှတ်မထိုးထားသည့် အဖွဲ့များနှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များအနေဖြင့် ဤဖိတ်ခေါ်စာကို လက်ခံရရှိခြင်း ရှိ၊ မရှိကိုမူ သတင်းနှင့်မီဒီယာ ကွန်ရက် ( NMG) သတင်းဌာန အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

မြေပြင်တွင် လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သားသေဆုံးမှုများ မြင့်တက်နေချိန်တွင် စစ်အုပ်စု၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် နိုင်ငံရေးအရ အကျပ်အတည်းမှ လွတ်မြောက်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်နိုင်သည်ဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်မှုများ ရှိနေသည်။

ဓါတ်ပုံ – ပုံဟောင်း