ဆွေးနွေးရေး ဖိတ်စာ မရရှိသေးကြောင်း KIO ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်။
စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကော ရေးထိုးခြင်း မရှိသေးသော အဖွဲ့များကိုပါ တွေ့ဆုံဆွေးနွေးရန် ဖိတ်စာများ ပေးပို့ခဲ့သည်ဟု ဧပြီလ အတွင်းက ဆိုခဲ့သော်လည်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ယနေ့ထက်ထိ မည်သည့် ဖိတ်ကြားမှုမျှ လက်ခံရရှိခြင်း မရှိကြာင်း ပြောသည်။
KIO/KIA ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က “အခုထက်ထိကတော့ မရှိသေးဘူးခင်ဗျာ။ လူနဲ့အကြောင်းကြားတာတွေ၊ စာနဲ့အကြောင်းကြားတာတွေ ခုထက် ထိကတော့ မရှိသေးဘူး။ ဗဟိုကော်မတီရဲ့ ဆွေးနွေးဆုံးဖြတ်ချက်ကို အခြေခံပြီးမှ ကျနော်တို့ သွားရမှာ ဖြစ်ပါ တယ်။ သူတို့ အကြောင်းကြားတဲ့ စာထဲမှာ အကြောင်းအရာထဲမှာ မူတည်ပြီးမှပဲ KIO ဗဟိုကော်မတီကတော့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အခုအကြောင်းကြားတာ ဘာမှမရှိတဲ့ အခါကျတော့ ကျနော်တို့လည်း ကြိုပြီးမှ ဘာမှ ဖြေကြားလို့ အဆင်မပြေဘူးခင်ဗျာ။” ဟု ပြောသည်။
စစ်တပ်၏ ဖိတ်ကြားချက်ကို လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အပစ် ရပ် ၇ ဖွဲ့ (PPST) ဖြစ်သော KNU/KNLA-PC၊ RCSS/SSA၊ DKBA၊ MNSP၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင်သည့် PNLO၊ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP နှင့် ကျာဆော်လမွန် ဦးဆောင်သော LDU တို့က လက်ခံရရှိ ထားပြီးဖြစ်ကာ အလွတ်သဘော တွေ့ဆုံမှုအချို့ကိုလည်း စတင်လုပ်ဆောင်နေပြီ ဟု ဆိုသည်။
NCA အပစ်ရပ် ၇ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီအလွတ်သဘောကတော့ ထိုင်းနိုင်ငံမှာ ပြင်ပပေါ့ဗျာ။ တစ်ခါတစ်လေ နေပြည်တော်က ကိုယ်စားလှယ်တွေ လည်း ထိုင်းကိုလာပြီးတော့ လာတွေ့ကြတာရှိပါတယ်။ အလွတ်သဘော ပြည်တွင်းမှာလည်း တွေ့ကြတာ ရှိပါတယ်။ မြောက်ပိုင်းတောင်ပိုင်းပေါ့။ အဲဒါတွေ အားလုံးပြီးမှပဲ ဒီလကုန်လောက်မှာ ကျနော်တို့က ဒီအစုအဖွဲ့ နဲ့ နေပြည်တော်မှာ လိုအပ်ရင်တော့ နေပြည်တော်မှာ တွေ့ဖို့ပေါ့ဗျာ။ အဲသလိုတော့ ရှိပါတယ်” ဟု မေလ ၇ ရက်နေ့က ပြောကြားထားသည်။
ထို့ပြင် စစ်တပ်အနေဖြင့် ယခင်နှစ်များက ကျင့်သုံးခဲ့သည့် မူဝါဒဟောင်းများကို အခြေမခံဘဲ ပိုမိုပျော့ပျောင်း သည့် မူဝါဒအသစ်များဖြင့် နိုင်ငံရေးဆွေးနွေးမှုများကို စတင်သင့်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက အကြံပြုသည်။
NCA လက်မှတ်မထိုးထားသည့် အခြားသောအဖွဲ့များနှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များထံ ဖိတ်ခေါ်စာ ရောက်၊ မရောက်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။
စစ်တပ်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု သတင်းစကားများ ထုတ်လွှင့်နေသော်လည်း မြေပြင်လက်တွေ့ အခြေအနေနှင့် လုံးဝကင်းကွာနေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ထောက်ပြသည်။
“ငြိမ်းချမ်းရေးကို ခေါ်တယ်ပြောပြီးတော့မှ ဒီနေ့အချိန်အထိ ကျနော်တို့ ပြည်နယ်ထဲမှာ နောက်တစ်ခြား ဒေသ တွေမှာ နေ့စဉ် လေယာဉ်နဲ့ ဗုံးကြဲ၊ ဒရုန်းနဲ့ပစ်၊ အမြောက်နဲ့ပစ် ဒါတွေကို မရပ်စဲပဲနဲ့ ကျနော်တို့က ဘယ်လိုလုပ် စားပွဲပေါ်မှာ တင်ပြီးမှ နိုင်ငံရေး ဆွေးနွေးရမှာလဲ ဆိုတဲ့ မေးခွန်းက ရှိပါတယ်။ အပြောတစ်မျိုး အလုပ်တစ်မျိုး နဲ့ကတော့ ကျနော်တို့ အလုပ်မဖြစ်ဘူးပေါ့နော်။”
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများကမူ စစ်တပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ၎င်းတို့ ကြုံတွေ့နေရသည့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများကို ကုစားရန် ကြိုးပမ်းသည့် “ဟန်ပြ နိုင်ငံရေး လှည့်ကွက်” သာ ဖြစ်သည်ဟု သုံးသပ်ကြသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်က တွေ့ဆုံဆွေးနွေးရေးအကြောင်း ပြောဆိုနေသော်လည်း မြေပြင်တွင်မူ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များ အတွက် ရက် ၁၀၀ စီမံကိန်းအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားရှိ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားရာ နယ်မြေများကို လေကြောင်းနှင့် လက်နက်ကြီး အားကိုးဖြင့် ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်။
ဓာတ်ပုံ – ပုံဟောင်း (Credit)