မိုးမိတ်၊ ဗန်းမော်နှင့် မိုးညှင်းရှိ စစ်တပ်စခန်းများကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့အနီးရှိ စစ်အုပ်စုတပ်၏ ဗျူဟာကျအရေးပါသည့် ရွှေမင်းတင်စေတီကုန်း စခန်း အပါအဝင် ကချင်ပြည် မိုးညှင်းမြို့နယ်ရှိ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်း တပ်တို့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
KIA ပူးပေါင်းတပ်များသည် ကချင်ပြည်၊ ဗန်းမော်၊ ရွှေကူနှင့် မိုးညှင်းမြို့နယ်တို့တွင် ထိုးစစ်များ ဆက်တိုက်ဖော် ဆောင်နေစဉ် စက်တင်ဘာလကုန်ပိုင်း၌ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်ဒေသအထိ စစ်ရှိန်မြှင့်တင် တိုက်ခိုက်လာ ခြင်း ဖြစ်သည်။
စက်တင်ဘာလ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် မိုးမိတ်မြို့အနီးရှိ အရေးပါသော ရွှေမင်းတင်စေတီကုန်း စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မိုးမိတ်က အရေးကြီးတဲ့ ဗျူဟာကျတဲ့ စခန်းကုန်းဖြစ်တဲ့ ရွှေမင်းတင်စေတီကုန်းမှာ စစ်အုပ်စုတပ်တွေ နေရာယူထားတာကို ကျနော်တို့ ဒီမနက်မှာ သိမ်းလိုက်တာပါ။ လက်နက်ခဲယမ်းတွေတော့ အများကြီးရရှိခဲ့ပါတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ မိုးမိတ်ဒေသခံတစ်ဦးကလည်း “မနက်ပိုင်း လက်နက်ကြီး သံတွေ ကြားရပြီးနောက် လက်နက်ငယ်သံတွေနဲ့ တိုက်ပွဲစဖြစ်တာပါ။ ၁၁ နာရီခွဲလောက်ကျတော့ စစ်အုပ်စု တပ်က ရဟတ်ယာဉ်နဲ့ လာရောက်ကင်းထောက် ပစ်ခတ်ခဲ့သလို ညနေစောင်းအထိ တိုက်လေယာဉ်၊ ရဟတ် ယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီးတွေသုံးပြီး ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့တယ်” ဟု ပြောသည်။
မိုးမိတ်မြို့နယ် ညောင်နီကျေးရွာအနီး မိုးမိတ်-မန်တုံ လမ်းပိုင်းတွင် ပြီးခဲ့သည့် ဩဂုတ်လကတည်းက စစ်အုပ်စု တပ် စစ်ကြောင်းထိုးမှုကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လမ်းပိုင်းအား ယာယီပိတ်ပင်ခဲ့ရသည်။
မိုးမိတ်မြို့သည် ယခင်က တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ခဲ့ဖူးပြီး ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် စစ်အုပ်စုတပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မြို့ဖြစ်သော်လည်း KIA ပူးပေါင်းတပ်များက ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်ဖော်ဆောင်နေခြင်းဖြစ်သည်။
အလားတူ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင်လည်း ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ နမ့်မွန်းကျေးရွာအနီးရှိ စစ်အုပ်စုတပ်နှင့် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ပူးပေါင်းတပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါစခန်းသည် ယခင်က KIA တပ်စခန်းတစ်ခုဖြစ်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ SNA ဘက်မှ အထိနာခဲ့သည်ဟု စစ်မြေပြင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။
ထိုတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ စစ်မြေပြင် သတင်းရင်းမြစ်တစ်ဦးက “SNA ဘက်ကတော့ တော်တော် အထိနာသွားပါတယ်။ စစ်အုပ်စုတပ်ဘက်ကလည်း လေကြောင်းကနေ ဗုံးအများကြီး လာကြဲသွားခဲ့တယ်။ အဲဒီစခန်းမှာ ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းခဲ့တဲ့ SNA တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ နမ့်မွန်းကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း SNA တပ်က စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့သည့်နေရာ ဖြစ်သည်။
အလားတူ ကချင်ပြည်၊ ဗန်းမော်မြို့နယ် နမ့်ဖားကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်စခန်းကိုလည်း စက် တင်ဘာလ ၂၆ ရက်တွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်တွင် ဗန်းမော်မြို့ ပေါ်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
KIA ပူးပေါင်းတပ်များသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ဖော်ဆောင်ခဲ့ ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်၏ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း အပါအဝင် တပ်စခန်းအများအပြားကို သိမ်း ပိုက်ထိန်းချုပ်ထားကာ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများအကြား စစ်ရေးအရ အသာစီးရ ယူထား ကြောင်း မြေပြင်သတင်းရင်းမြစ်အချို့က အတည်ပြုပြောသည်။