စခန်းသိမ်းတိုက်ပွဲ အပြီး မိုးမိတ်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံများ စိုးရိမ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် စစ်အုပ်စုတပ်၏ စခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စက်တင်ဘာလ ၃၀ ရက်အထိ စစ်ရေး ဆက်လက်တင်းမာနေသဖြင့် မြို့ခံနှင့် ကျေးရွာနေ ပြည်သူများ စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးမိတ်မြို့နှင့် ၃ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာအထက် ရွှေမြင် တင် စေတီကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်အုပ်စုတပ် ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် အလောင်းအချို့၊ လက်နက်ခဲယမ်းများနှင့် တပ်ဖွဲ့ဝင် ၅ ဦးထက် မနည်း ဖမ်းဆီးရမိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
စခန်းလက်လွှတ်လိုက်ရပြီးနောက် စစ်အုပ်စုတပ်က Y-12 လေယာဉ်၊ ဂျက်ဖိုက်တာများနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုကာ ညောင်နီနှင့် မိုးမိတ်မြို့ပြင် အနီးဝန်းကျင်သို့ မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ စက်တင်ဘာလ ၃၀ ရက်အထိ စစ်ရေးတင်းမာမှု ဆက်လက်ရှိနေသည်။
“အခုက လူထုကတော့ စစ်ရှောင်ပေါ့ဗျာနော်။ တစ်ညလုံး ပစ်နေကြတာကိုး။ ၂၉ ရက်နေ့ မနက်ပိုင်းမှာလည်း Y-12 ရော ဂျက်ဖိုက်တာရော လာပြီး ဗုံးကြဲနေ တော့ ညောင်နီ နားကရော ရွှေမြင်တင် ဘုရားကုန်းဘက်က ရော လူတွေ အကုန်လုံးနီးပါး ဘေးလွတ်ရာကို ပြေးနေကြရပြီ” ဟု မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြော သည်။
ထို့ပြင် စစ်အုပ်စုတပ်က မန္တလေးတိုင်း မိုးကုတ်မြို့ဘက်မှစ၍ စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေသလို စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှစ၍ မိုးမိတ်-မိုးကုတ် လမ်းပိုင်းကိုလည်း သွားလာခွင့် လုံးဝပိတ်ဆို့ထား သဖြင့် ဒေသခံများမှာ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအတွက် သွားလာရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်။
တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် မြေပြင် စစ်ရေးအခြေအနေကို သိရှိသူ ဒေသခံတစ်ဦးက “တော်လှန်ရေး တပ်ဖွဲ့တွေဘက်က စကစ စခန်းအရင်သိမ်းလိုက်တယ်။ အဲ့မှာ စတာပဲ။ နဂိုကတည်းကတော့ အမြဲအသင့်အနေ ထားပဲ။ အခုဆိုရင် တိုက်ပွဲက မိုးမိတ်မြို့အဝင် ရွှေဇာလီတံတားနားထိတောင် ရောက်နေပြီ။ စစ်အုပ်စုဘက်က အထိနာတော့ မိုးကုတ်ဘက်ကနေ ခြေလျင်စစ်ကြောင်းတွေနဲ့ပါ အင်အား ထိပ်ဖြည့်တယ်လို့လည်း ကြားတယ်။ မြို့ပေါ်အထိ တိုက်ပွဲကူးလာမှာကို အကုန်လုံး စိုးရိမ်နေကြတာ။ လမ်းပိုင်းတချို့လည်း စစ်တပ်က ပိတ်ထား တယ်လို့ ကြားထားတယ်” ဟု ပြောသည်။
မိုးမိတ်မြို့နှင့် မဘိမ်းမြို့နယ်အစပ် မြစ်ဆုံကျေးရွာဘက်တွင်လည်း လေကြောင်းမှ ဗုံးကြဲမှုများ ရှိနေပြီး စစ်အုပ်စုတပ်သည် မိုးမိတ်မှ မြစ်ဆုံနှင့် မဘိမ်းဘက်သို့ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသကဲ့သို့ တော်လှန်ရေး ပူးပေါင်းတပ်များကလည်း ရွှေလီမြစ်ဝှမ်း အထက်ဘက်သို့ စစ်အုပ်စု စစ်ကြောင်းမထိုးနိုင်စေရန် မြို့ပြင်မှ ပိတ်ဆို့တိုက်ခိုက်နေ၍ တိုက်ပွဲများ မနီးမဝေးသို့ ကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
မိုးမိတ်မြို့သည် 1027 စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည့် မြို့ဖြစ် သည်။
ထို့နောက် မြို့တွင်း၌ စစ်အုပ်စုတပ်က တပ်စွဲထားပြီး မြို့ပြင်ကျေးရွာများတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ PDF နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) စသည့် တပ်ပေါင်းစုများ အင်အားဖြည့်ထားသဖြင့် စစ်ရေး အမြဲမပြတ် တင်းမာနေသည့် ဒေသတစ်ခု ဖြစ်သည်။
ဓါတ်ပုံ – (ပုံဟောင်း / မိုးမိတ်မြို့အဝင်၌ PDF ရဲဘော်များအား တွေ့ရစဉ် – MDY PDF)