မိုးမိတ်တွင် စစ်တပ်ထိုးစစ်ကို KIA ကြားဖြတ်တိုက်၊ ရေကြီးနေသည့် မဘိမ်းကို စစ်တပ် ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း စစ်တပ်က အင်အား ၁၅၀ ခန့်ဖြင့် မဘိမ်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
မိုးမိတ်မြို့အထွက် အထက်ညောင်နီနှင့် အောက်ညောင်နီကျေးရွာအနီး KIA တပ်မဟာ (၄)၊ အမှတ် (၃၄) တပ်ရင်း လှုပ်ရှားနယ်မြေအတွင်းသို့ စစ်အုပ်စုတပ်က ထိုးစစ်ဆင်လာခြင်းကြောင့် ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များ တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုတပ်ဘက်မှ Mi-35 တိုက်ခိုက်ရေး ဟက်လီကော်ပတာများအပြင် Y-12 လေယာဉ်များကို အသုံးပြုကာ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မိုးမိတ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “တိုက်ပွဲထဲမှာက ဟက်စကီးနဲ့ ပြန်လာပစ်တယ်။ ပြီးတော့ Y-12 နဲ့ ရော လာပစ်တယ်။ စစ်အုပ်စုတပ်ဘက်က ထိုးလာတာကြောင့် တိုက်ပွဲဖြစ်လာတာပါ။ မဘိမ်းဘက်ကို ဦးတည် ပြီး ထိုးစစ်ဆင်နေတဲ့ သဘောမျိုးဗျ။ စစ်ကြောင်းက ထွက်တာနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြား ဖြတ် တိုက်ခိုက်တာပေါ့နော်။ မြေပြင်မှာ တိုက်ပွဲဖြစ်ပြီ ဆိုတာနဲ့ လေကြောင်းက လာပြီပဲ” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း မိုးမိတ်မြို့အခြေစိုက် ခမရ (၃၄၈) မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားများ လမ်းဝက်တွင် ပိတ်မိသွားခဲ့ပြီး တပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း KIA နှင့် နီးစပ်သူများက ပြောသည်။
ထို့ပြင် ညောင်နီကျေး ရွာအနီးက တိုက်ပွဲတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့များပါ တော်လှန်ရေး တပ်များဘက်မှ ပါဝင်တိုက် ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့က ဆိုသော်လည်း SSPP ဘက်မှ အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
မိုးမိတ်မြို့နယ်သည် ၂၀၂၄ ခုနှစ်အတွင်း တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက် ခဲ့သည့် မြို့ဖြစ်ပြီး ၂၀၂၅ ခုနှစ် အပစ်ရပ်စဲရေး သဘောတူညီချက်အရ စစ်အုပ်စုတပ်ထံ ပြန်လည် လွှဲပြောင်းပေး ခဲ့ရသော မြို့ဖြစ်သည်။
စစ်အုပ်စုတပ်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မိုးမိတ်မြို့ပေါ်ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်ဆန်းပိုင်းမှစ၍ KIA အမှတ် (၃၄) တပ်ရင်းနှင့် တော်လှန်ရေး တပ်ပေါင်းစုများက မြို့ပြင်မှ ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်အုပ်စုတပ်သည် KIO ထိန်းချုပ်ထားသည့် ရွှေလီမြစ်ဝှမ်းတစ်ကြော မြစ်ဆုံကျေးရွာနှင့် မဘိမ်းမြို့ နယ်ဘက်သို့ ပြန်လည်စိုးမိုးနိုင်ရန် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း မဘိမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှု ကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်ကာ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ ရေလွှမ်းမိုးမှု ခံနေရစဉ် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဩဂုတ်လ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၈ ရက်အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မဘိမ်းမြို့ နယ်အတွင်း အရပ်သား ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး မဘိမ်းမြို့ ပြည်သူ့ဆေးရုံကြီး အပါအဝင် နေအိမ် အလုံး ၂၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
မဘိမ်းဒေသခံတစ်ဦးက“ဒီမှာက ဗုံးသံ လက်နက်သံတွေ ကြားရတယ်။ ဒီရက်ပိုင်းတော့ ပြန်တိတ်နေပေမဲ့ စစ်အုပ်စုတပ်တွေ မြစ်ဆုံဘက် မရောက်သေးဘူး၊ မိုးမိတ်အထွက်လောက်မှာတင် ကြားဖြတ်တိုက်ခိုက်ခံ နေရတာ” ဟု နယ်မြေအတွင်း အခြေအနေကို ပြောပြသည်။
ထို့ပြင် “ရေဘေးဒုက္ခ ဖြစ်နေတဲ့ကြားထဲကမှ စစ်တပ်က ဆေးရုံရော၊ ပြည်သူတွေရဲ့ အိမ်တွေကိုပါ လေကြောင်း ကနေ ညဘက်ပိုင်းတွေမှာ ဗုံးလာကြဲတာမျိုးတွေ လုပ်နေတာပါ” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် မိုးမိတ်မြို့ပြင်၌ နှစ်ဖက်တပ်များ စစ်ရေးအရ အပြန်အလှန် စောင့်ကြည့်လျက်ရှိပြီး စစ်ရေးတင်း မာမှုများ ဆက်လက် မြင့်တက်လျက်ရှိသည်။
ဓါတ်ပုံ – (SHRF) လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မဘိမ်းမြို့နယ် ရပ်ကွက် ၃ ရှိ ဆေးရုံ အဆောက်အအုံ