ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ကူးစက်ခံရသဖြင့် ရှမ်းတောင် ဖယ်ခုံ၌ စာသင်ကျောင်းပါ ပိတ်ထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ အပါအဝင် လူဦးရေ ၁၆၀ ခန့် ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ တစ်ပြိုင်နက်တည်း ကူးစက်ခံနေရသဖြင့် ကျန်းမာရေး စောင့်ကြည့်နိုင်ရန် အခြေခံပညာ စာသင်ကျောင်းများကိုပါ ယာယီ ပိတ်ထားရသည်။
အဆိုပါ ကျေးရွာတွင် လွန်ခဲ့သည့် ဩဂုတ်လဆန်းမှစ၍ တစ်ရွာလုံးနီးပါး ချောင်းဆိုး၊ နှာစေး၊ ဖျားနာသည့် လက္ခဏာများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရာသီ ကာလအတွင်း ရောဂါကူးစက်မှုနှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းဖြစ်သည်။
ဒေသခံ စစ်ရှောင်တစ်ဦးက “ရွာမှာက ဖျားတဲ့သူတွေ အများကြီးပဲ။ ကလေးရော လူကြီးရော အကုန်လုံး ချောင်းဆိုးပြီး ဖျားနေကြတာ။ ရောဂါကူးတာ အရမ်းမြန်တော့ ကူးစက်မှု ပိုမဆိုးသွားအောင် အခု စာသင် ကျောင်းပါ ပိတ်ထားလိုက်ရတယ်” ဟု ပြောသည်။
ထို့ပြင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများနှင့် စစ်အုပ်စုတပ်၏ လက်နက်ကြီး၊ လေကြောင်း အန္တရာယ်များကြောင့် စစ်ဘေးရှောင်များ စုဝေးနေထိုင်နေရသည့် အခက်အခဲများကြားမှ ယခုကဲ့သို့ မိုးရာသီ ရောဂါဘယများ ထပ်မံ ကူးစက်လာသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
မယ်စုံတောင်ရွာတွင် ရောက်ရှိနေပြီး စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက “မယ်စုံတောင်ရွာမှာရှိတဲ့ ရွာခံနဲ့ စစ်ဘေးရှောင် ၁၆၀ လောက်ပေါ့နော် ပြောရမယ်ဆိုရင် တစ်ရွာလုံးနီးပါး ဖျားနာနေကြပါတယ်။ ဖြစ် တာတော့ နှာစေး၊ ချောင်းဆိုး ဖြစ်တယ်။ တုပ်ကွေးဖြစ်နေကြတယ်။ ဆိုတော့ အခုက အကူအညီတွေ လိုနေ တယ်ဗျ။ ဖျားနေကြတာ တော်တော်ကြပြီဗျ။ အခုက ကျောင်းတွေလည်း ပိတ်ထားရ တယ်။ ဆေးအဖွဲ့တွေကို တတ်နိုင် သမျှ ဝိုင်းကူပေးဖို့ အကူအညီတောင်းပါတယ်ဗျာ” ဟု ပြောသည်။
ဖြစ်ပွားနေသည့် ရောဂါကူးစက်မှုများနှင့် ပတ်သက်၍ ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC) က ဩဂုတ်လ ၈ ရက်နေ့တွင် လာရောက်၍ အရေးပေါ် ဆေးကုသမှုများ ပေးခဲ့သည့်အပြင် ကျန်းမာရေး အသိပညာ ပေးခြင်းများကိုပါ ဆောင်ရွက်ပေးခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။
မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါမှ ကာကွယ်နိုင်ရန် သန့်ရှင်းသည့် ရေကိုသာ ကျိုချက် သောက်သုံးကြရန်နှင့် ရာသီတုပ်ကွေး မကူးစက်စေရန်အတွက် လူစုလူဝေး ရှိသည့်နေရာများကို ရှောင်ရှားကြ ရန်၊ ချောင်းဆိုး နှာချေပါက ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ကြရန် ကျန်းမာရေးအဖွဲ့များက တိုက်တွန်း ထားသည်။
လက်ရှိတွင် ရောဂါသက်သာမှု အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ပြင်းထန်သည့် လက္ခဏာ များ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ကာ အရေးပေါ် ကုသမှု ခံယူကြရန် ကျန်းမာရေး တာဝန်ရှိသူများက နှိုးဆော်ထားသည်။
ဓါတ်ပုံ – ထွန်းမြန်မာ ဒိုနေးရှင်း