ဧရာဝတီတိုင်းအတွင်း AA နှင့် တိုက်ပွဲများ ပြန်ဖြစ်ပြီး စစ်တပ် အထိနာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ အထိနာနေသဖြင့် ဒဏ်ရာ ရရှိသူအချို့ကို ကားများဖြင့် သယ်ယူနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ 

ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သာပေါင်းမြို့နယ် သဲဖြူကျေးရွာနှင့် ရေကြည်မြို့နယ် ကမ္ဘားကြီး ကျေးရွာ အနောက်ဘက်ရှိ ကြောင်လျှာကျေးရွာ၊ ရွာသစ်ကလေးကျေးရွာတို့တွင် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး သဲဖြူနှင့် ဘောမိချောင်း ဒေသဘက်၌ တိုက်ပွဲများ အရှိန်ဟုန်မက ပိုမိုပြင်းထန်နေခြင်း ဖြစ်သည်။

ထို့ပြင် သာပေါင်းမြို့နယ် ရခိုင်ရိုးမအစပ် ဘောမိချောင်းဒေသရှိ ဝါးယားကျေးရွာနှင့် ကဇင်းတောကျေးရွာ ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်သံများကို ပတ်ဝန်း ကျင်ကျေးရွာများမှ ဆက်တိုက် ကြားနေရသည်။

သာပေါင်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အခုဖြစ်နေတာက ဘောမိချောင်း၊ ဝါးယားရွာနဲ့ ကဇင်း တောရွာဘက်မှာ ဖြစ်နေတာ။ အဲဒီနေရာတွေက ရခိုင်နယ်စပ် ရွှေသောင်ယံ မကျည်းဇင်ကနေ ရခိုင်ပြည်နယ် ဂွမြို့နယ်အထိ တောက်လျှောက် စပ်နေတာ။ တိုက်ပွဲက ရပ်လိုက် တိုက်လိုက်ပါပဲဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ သဲဖြူ၊ ကင်ပွန်းချဉ်၊ ဝါးယားနှင့် ကဇင်းတော ကျေးရွာများသည် ရခိုင်ရိုးမအစပ် ဘောမိချောင်းတစ်လျှောက်ရှိ ဂွမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နေရာများဖြစ်ပြီး စစ်အုပ်စုတပ်က အင်အားသုံး စစ်ကြောင်းထိုးလာသဖြင့် AA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်။

အမှန်တော့ ဂွကို စစ်ကြောင်းထပ်ထိုးတာ မတန့်ဘဲ ဆက်တိုက် နေတာ စစ်တပ်က။ ဩဂုတ် ၁၁ ရက် ညပိုင်း ကနေ အခု ၁၂ ရက်အထိ တိုက်ပွဲက ရပ်လိုက် တိုက်လိုက်ပါပဲဟု အဆိုပါ သတင်းရင်းမြစ်က ဆက် ပြော သည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကဇင်းတောကျေးရွာသည် ကြက်သွန်ကွင်း-သဲဖြူ လမ်းဆုံမှ ၇ မိုင်ခန့် ကွာဝေးပြီး ဝါးယားကျေးရွာနှင့် ၁၁ မိုင်ခွဲခန့်သာ ကွာဝေးသည်။ ဗျူဟာမှူးအဆင့် အုပ်ချုပ်နေသည့် သဲဖြူနှင့် ကင်ပွန်းချဉ် ကုန်းတို့မှ စစ်အုပ်စုတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးလျက် ရှိသည်။

လက်ရှိတွင် စစ်အုပ်စုတပ်ဘက်မှ အင်အားအမြောက်အမြား အသုံးပြု၍ စစ်ကြောင်းထိုး နယ်မြေထိန်းချုပ်ရန် ကြိုးပမ်းနေသလို AA ဘက်ကလည်း ရိုးမတောင်ခြေ နယ်မြေများအတွင်း ပြောက်ကျားစစ်ဆင်ရေး စနစ်ဖြင့် ပြန်လည်ခုခံ တိုက်ခိုက်လျက်ရှိသည်။

ဒေသခံ စစ်ရေးလေ့လာသူတစ်ဦးက ဘာပဲဖြစ်ဖြစ် AA ဘက်ကတော့ ထပ်တိုးလာတာမျိုး သိပ်မရှိဘူး။ စစ်တပ်က စစ်ကြောင်းထိုးရင် ဖြတ်တိုက်တယ်။ ဆုတ်ရင် လိုက်တိုက်ရင်း စခန်းတွေရတယ်။ အခုလည်း ကျွန်တော်တို့ ကြားရသလောက် စစ်တပ်က အကျအဆုံးများပြီး ဆုတ်လာတော့ AA က နောက်ကကပ်ပြီး လိုက်လာတာ။ သဲဖြူရွာ အနီးတစ်ဝိုက်တောင် ရောက်ခဲ့တယ်လို့ သိရတယ် ဟု ပြောသည်။

တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဘက်မှ လက်နက်ကြီးများကို အလွန်အကျွံ အသုံးပြု ပစ်ခတ်နေသဖြင့် တိုက်ပွဲနယ်မြေနှင့် နီးစပ်သည့် ကျေးရွာများမှ ဒေသခံပြည်သူ အများအပြားမှာ လုံခြုံရာ ဘေးလွတ်ရာနေရာ များသို့ တိမ်းရှောင်နေကြရသည်။

လက်ရှိအခြေအနေတွင် သာပေါင်းနှင့် ရေကြည်မြို့နယ် နယ်စပ်တောင်တန်း ဒေသများ၌ နှစ်ဖက်စစ်ရေး ဆက် လက် တင်းမာနေဆဲဖြစ်ပြီး ဒေသတွင်း သွားလာရေး လမ်းကြောင်းများကိုလည်း စစ်အုပ်စုတပ်က စစ်ဆေးမှုများ တင်းကျပ်ထားသည်။

စစ်အုပ်စုတပ်သည် သာပေါင်းနှင့် ရေကြည်မြို့နယ်များမှတစ်ဆင့် ရခိုင်ပြည်၊ ဂွမြို့နယ်အစပ်သို့ စစ်အင်အား ဖြန့်ကျက်နိုင်ရန်အတွက် အင်အား ၅၀၀ မှ ၇၀၀ အထိ ပေးပို့ဖြည့်တင်းကာ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

အဆိုပါဒေသတွင် AA က စစ်အုပ်စုတပ်၏ ပွိုင့်စခန်းကုန်းများနှင့် ကာကင်းစခန်းများကို သိမ်းယူခဲ့ပြီး ရေကြည် မြို့နယ် ရုံးပင်ကျေးရွာနှင့် သာပေါင်းမြို့နယ် သာပေါင်းလေးကျေးရွာတို့တွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ရာ စစ် အုပ်စု တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ထွက်ပြေးခဲ့ရပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများနှင့် လက်နက် ခဲယမ်းများကို AA ဘက်မှ သိမ်းဆည်းရမိခဲ့သည်။

ဓါတ်ပုံ – MOI