ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲတွင် စစ်အုပ်စုတပ် အထိနာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းအစပ် သာပေါင်းနှင့် လေးမျက်နှာမြို့နယ်တို့ရှိ ရခိုင်ရိုးမတောင်ခြေတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး စစ်အုပ်စုတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားနေကြောင်း ဒေသခံ စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်သည် ကျဆုံးသွားသည့် စစ်သားများ၏ ရုပ်အလောင်းများကို စစ်မြေ ပြင်၌ပင် စွန့်ပစ်ထားခဲ့ရသည်။ ထို့ပြင် သက်တမ်းပြည့်သွားသည့် စစ်မှုထမ်းတပ်သားများကိုလည်း အိမ်မပြန် ခိုင်းဘဲ ရှေ့တန်းတွင် ဆက်လက် တိုက်ခိုက်ခိုင်းနေသည်။

သေဆုံးသွားသည့် စစ်သားများ၏ မိသားစုဝင်များက ရုပ်အလောင်းကို ပြသပေးရန် နှင့် ပြန်လည်ထုတ်ယူနိုင် ရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) သို့ လိုက်လာကြသော်လည်း စစ်အုပ်စုဘက်မှ ပြသနိုင် ခြင်း မရှိခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။

သာပေါင်းမြို့နယ်ရှိ ဆင်ကူးကျေးရွာအုပ်စု ဘုတ်ချောင်းရွာ ရိုးမလမ်းကြောင်းတွင် စစ်အုပ်စု စစ်ကြောင်းအချို့ ရှိနေသလို သဲဖြူကျေးရွာနှင့် လှေကြီးတက်ကျေးရွာ အနီးတစ်ဝိုက်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ သည်။

ထို့ပြင် လေးမျက်နှာမြို့နယ်ရှိ ငဝန်ထိပ် အိုင်သဒ္ဒီရွာအနီး၊ ခုံကြီးကျေးရွာအုပ်စု တောင်ဘက်ကျေးရွာများနှင့် အမ်း-ဂွ-ကျောင်းတောင် လမ်းကြောင်းများတွင် တိုက်ပွဲများ ရှိနေပြီး ရိုးမစပ်ကျေးရွာများကို စစ်အုပ်စုတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးလျက် ရှိသည်။

သာပေါင်းဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “သာပေါင်းကြီး၊ သာပေါင်းလေးဘက် ရခိုင် ရိုးမတောင်ခြေမှာ တိုက်ပွဲပြန်ဖြစ်လာတာ။ စစ်တပ်က တော်တော် သတင်းဆိုးတယ်၊ စစ်မှုထမ်း သက် တမ်းပြည့် သွားတဲ့သူတွေ အိမ်ပြန်မသွားနိုင်တော့ လမ်းဘေးတွေမှာ စကားများနေ၊ စစ်တပ်အရာရှိတွေက ရခိုင်ရိုးမပေါ် ပြန်လွှတ်၊ အလောင်းတွေ မကောက်နိုင်၊ အေအေကတော့ ရွာတွေဘက်ကို အချိန်တစ်ခုပဲ ဆင်း လာတာ။ စနိုက်ဘာတွေနဲ့ ပစ်တာ၊ စစ်တပ်က သေမှာသိတော့ မတိုးချင်ဘူး။ ဗုံးကြဲတာရှိပေမဲ့ သိပ်မထိရောက် သလို ဖြစ်နေတယ်။ ဒေသခံတွေ စစ်ရှောင်တွေပဲ သေတာ၊ အေအေက ဘာမှမဖြစ်ဘူး” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာအနီးသို့ အောက်တိုဘာ ၁ ရက် ည ၉ နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။

လေးမျက်နှာ ဒေသခံ စစ်ရှောင်တစ်ဦးက “လေးမျက်နှာမှာ စစ်တပ်က ရိုးမအစပ်ကို စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ရှိနေတယ်၊ ဘယ်သူမှ ရိုးမပေါ် မသွားရဲတော့ဘူး၊ စစ်ရှောင်ရွာတွေလည်း ပြန်နေဖို့လုပ်လိုက် တိုက် ပွဲဖြစ်လိုက်နဲ့ နေလို့ကို မရဘူး၊ အခုကြားတာ စစ်မှုထမ်းတပ်သားတွေ ပြဿနာမျိုးစုံရှိနေတယ်” ဟု ပြော သည်။

ပုသိမ်မြို့အခြေစိုက် စစ်အုပ်စု၏ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ သည် ရခိုင်နှင့် လေးမျက်နှာ၊ သာပေါင်း စစ်မျက်နှာပြင်များတွင် ဝင်ရောက်တိုက်ခိုက်နေသော်လည်း ရိုးမတောင် ခြေ အထိ စစ်ကြောင်းများ ရောက်ရှိရန် ခက်ခဲလျက်ရှိသည်။

ဓာတ်ပုံ – (ဧရာဝတီ-ရခိုင် နယ်စပ်တစ်နေရာတွင် တွေ့ရသည့် (AA) တပ်ဖွဲ့ဝင်များ။ / AA Info Desk – ပုံဟောင်း)