ဧရာဝတီတိုင်းတွင် ရခိုင်စစ်ဘေးရှောင်များအား ဖမ်းဆီး၍ စစ်မှုထမ်းရန် စုဆောင်းနေ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များအား စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ များက ရှာဖွေဖမ်းဆီးကာ ဧည့်စာရင်းစစ်ဆေးခြင်းနှင့်အတူ စစ်မှုထမ်းရန်အတွက် အဓမ္မစုဆောင်း ပို့ဆောင်နေ ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ ရှေ့တန်းစစ်မျက်နှာများတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ စစ်တပ် ဘက် က အကျအဆုံး များပြားလာသဖြင့် ဒေသခံပြည်သူများနှင့် ရခိုင်စစ်ဘေးရှောင်များအား ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။
ရခိုင်ပြည်မှ တောလမ်းများနှင့် မြစ်ချောင်းများအတိုင်း ထွက်ပြေးလာကြသူများကို စစ်တပ်နှင့် ပြည်သူ့စစ်များက ကင်းပုန်းဝပ်၍ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေခြင်း ဖြစ်သည်။
လေးမျက်နှာမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက “ရခိုင်စစ်ရှောင်တွေ ဖမ်းနေတာ နှစ်ချီနေပြီ။ ဖမ်းလို့ကုန် လည်း ကုန်သလောက် ရှိပြီး စစ်မှုထမ်းနိုင်တဲ့အရွယ် မရှိတော့ဘူး။ အခုက စစ်ရှောင် အနေကြာသူတွေနဲ့ အရင်ထဲက နေတဲ့သူတွေကိုပါ စစ်တာ။ လမ်းသွားလမ်းလာ မြို့နယ်ကူးတာတွေကိုပါ စစ်တာ။ စစ်တပ်က ပြည် သူ့စစ်တွေကို မှာထားတယ်တဲ့၊ ‘မင်းတို့ စစ်ထဲမလိုက်ချင်ရင် ရခိုင်စစ်ရှောင်တွေ ဖမ်းပေး၊ အခု ရခိုင်ဘက်က ကျော်လာတဲ့သူတွေ ဖမ်းပေး‘ ဆိုပြီး” ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ လေးမျက်နှာနှင့် သာပေါင်းမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ရခိုင်လူမျိုးများကို အထူးပစ်မှတ်ထား စစ်ဆေးမှုများ ရှိနေသည်။
အထူးသဖြင့် လမ်းခရီးစစ်ဆေးရေးဂိတ်များတွင် ရခိုင်မှတ်ပုံတင် (၁၁/—) ကိုင်ဆောင်ထားသူများကို သီးသန့် ခွဲထုတ် စစ်ဆေးခြင်းများ ပြုလုပ်နေသည်။
ရခိုင်ပြည် တောင်ကုတ်နှင့် ဂွမြို့နယ်တို့မှတစ်ဆင့် ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်၊ ချောင်းသာနှင့် ရွှေသောင်ယံဘက်သို့ စက်လှေများ၊ တောလမ်းများဖြင့် စစ်ဘေးရှောင်လာသူများကို စစ်က အဓိကထား ရှာဖွေနေခြင်းဖြစ်သည်။
ဇူလိုင်လ ၁၄ ရက်နေ့က လေးမျက်နှာမြို့နယ်၊ ဇီးပင်ကွင်းနှင့် အောင်ဇံကွင်းကျေးရွာများတွင် ခိုလှုံနေသည့် ရခိုင်လူမျိုး ၇ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ရွှေသောင်ယံနှင့် ရေကြည်မြို့နယ်များတွင်လည်း ရခိုင်လူငယ်အချို့ လည်း ဖမ်းဆီးခံခဲ့ရသည်။
ဇွန်လအတွင်းကလည်း လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စုအတွင်း ရခိုင်စစ်ရှောင်အချို့ ဖမ်းဆီးခံခဲ့ရ သည်။
ရခိုင်ပြည်မှ စစ်ဘေးရှောင်လာသည့် ရခိုင်လူမျိုးများအား စစ်တပ်က မကြာခဏ ဖမ်းဆီးလေ့ရှိသော်လည်း တရားစွဲဆိုမှု အနည်းငယ်သာ ရှိပြီး အများစုမှာ စစ်မှုထမ်းရန်အတွက် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခံ နေရခြင်း ဖြစ်သည်။