ကျဆုံးမှုများနေသည့် စစ်တပ်က ဒဏ်ရာရစစ်သားများကို ညဉ့်နက်အချိန် မီးမှောင်ချကာ ပုသိမ်သို့ သယ်ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

ရခိုင်နှင့် ဧရာဝတီအစပ် တိုက်ပွဲများတွင် ထိခိုက်ကျဆုံးမှု များပြားနေသည့် စစ်အုပ်စုတပ်သည် ဒဏ်ရာရစစ်သား များနှင့် ရုပ်အလောင်းများကို ညအချိန် မီးမှောင်ချကာ ပုသိမ်မြို့သို့ နေ့စဉ် သယ်ဆောင်နေကြရသည်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းကျေးရွာ စစ်ဆေးရေးဂိတ်သို့ ရှေ့တန်းစခန်းများဖြစ်ကြသည့် သဲဖြူ၊ သာပေါင်းလေးနှင့် ကင်မွန်းချဉ် စသည့်နေရာများမှ ထိခိုက်သေဆုံးသူများကို ည ၁၀ နာရီကျော်အချိန်တွင် လာရောက်ပို့ဆောင်လေ့ရှိပြီး၊ အဆိုပါဂိတ်၌ မော်တော်ယာဉ် ပြောင်းလဲကာ ပုသိမ်မြို့သို့ သယ်ဆောင်နေခြင်း ဖြစ်သည်။

အသက် ၅၀ ကျော်အရွယ် ကြက်သွန်ကွင်း ရွာသားတစ်ဦးက “သဲဖြူဘက်ကနေ လူနာနဲ့ သေဆုံးသူတွေ သယ် လာတဲ့ကားတွေ ရောက်မလာခင် မိနစ် ၃၀ လောက်အလိုမှာတင် ရွာကို မီးဖြတ်လိုက်တယ်။ လမ်းပေါ်မှာ လူတွေမရှိအောင်လည်း လုံခြုံရေးတွေ ယူပြီး စောင့်ကြပ်နေတာ” ဟု ပြောသည်။

စစ်ဆေးရေးဂိတ်နှင့် နီးစပ်သူတစ်ဦးကလည်း “လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက သဲဖြူဘက်ကနေ ကားနဲ့ သယ်လာတာပါ။ ဒီဂိတ်ကို ရောက်မှ ကားချင်းကပ်ပြောင်းပြီး ပုသိမ်ကို ပို့တာ။ ဒဏ်ရာရလူနာတွေနဲ့ အလောင်း တွေပါတယ်။ ပုံမှန်တော့ မဟုတ်ဘူး၊ တစ်စီးတည်း လာတာ ရှိသလို ၂ စီး – ၃ စီး လာတဲ့နေ့တွေလည်း ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် သာပေါင်းမြို့နယ်အစပ် ကျေးရွာများ၌ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက် မှုကြောင့် စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားလျက်ရှိသည်။

ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အတွင်းရှိ မဆရ (၄) ဆေးတပ်ရင်း၌ ဒဏ်ရာရစစ်သား များဖြင့် ပြည့်နှက်နေပြီး နေ့စဉ် သေဆုံးမှုများလည်း ရှိနေကြောင်း နတခ အတွင်းရှိ စစ်တပ်မိသားစုဝင်များနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

စစ်အုပ်စုတပ်၏ လုံခြုံရေးဂိတ် တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက “ကားချင်းကပ်ပြီး ပစ်တင်နေတာ ထင်းတုံး တွေ တင်နေသလား မှတ်ရတယ်။ ရွာကို အမှောင်ကြိုချထားတယ်၊ လူသွားလူလာ မရှိအောင်လည်း ရှင်းထား တာ။ ပုသိမ်က ကားကတော့ ကြိုလာစောင့်နေတာပေါ့” ဟု ပြောသည်။

လွန်ခဲ့သော ၄ ရက်ခန့်က စစ်အုပ်စုတပ်မှ ဗျူဟာမှူးတစ်ဦးနှင့် ဗိုလ်မှူးတစ်ဦး တိုက်ပွဲအတွင်း ကျဆုံးသွားသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ကြက်သွန်ကွင်း-သဲဖြူ လမ်းပိုင်းတွင် စစ်အုပ်စုတပ်က ကင်းပုန်း များ စိပ်စိပ်ချထားပြီး လမ်းသွားလမ်းလာများကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း ခြံစိုက်လုပ်သားတစ်ဦး ၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် ရေကြည်မြို့နယ်ရှိ အမြှောက်တပ်ရင်း (အမတ-၃၄၄) အနီး ၁ မိုင်ခန့်အကွာအထိ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ ရောက်ရှိလာပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် ဒဏ်ရာရရှိသူများနှင့် သေဆုံး စစ်သားများကို စက်ဒေါင့်ကြီးဘက်မှတစ်ဆင့် ပုသိမ်မြို့သို့ ပြန်လည်သယ်ဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ – (တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / AA)