ရိုဟင်ဂျာဒုက္ခသည် အရေးအတွက် မြန်မာစစ်အုပ်စုအပြင် AA နှင့်ပါ ဆွေးနွေးလျက်ရှိဟု ဘင်္ဂလားဒေ့ရှ် ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ရိုဟင်ဂျာဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ (စစ်ကောင်စီ) သာမက ရခိုင်ပြည်နယ်အတွင်း အဓိက ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) နှင့်ပါ ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဒုတိယဝန်ကြီး ရှားမား အိုဘေးဒ် အစ္စလာမ် (Shama Obaed Islam) က ပြောကြားလိုက်ကြောင်း ဒါကာ အခြေစိုက် “New Age” သတင်းစာတွင် ဖော်ပြသည်။
နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေနေ့) က ဒါကာမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုအတွင်း ၎င်းက ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရိုဟင်ဂျာအရေးဆိုင်ရာ အမျိုးသားအဆင့် ဗျူဟာရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး၊ ထိုကော်မတီ၏ လုပ်ဆောင်ချက်အောက်မှပင် မြန်မာအစိုးရနှင့်ရော အာရက္ခတပ်တော် (AA) နှင့်ပါ ထိတွေ့ဆက်ဆံ ဆွေးနွေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရိုဟင်ဂျာအရေးသည် နိုင်ငံရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ပုံမှန်သံတမန် လမ်းကြောင်းတစ်ခုတည်းဖြင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို အကောင်အထည်ဖော်နိုင်မည်ဟု ယူဆ၍ မရနိုင်ကြောင်း ဒုဝန်ကြီးက ထောက်ပြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ အလွန်တရာ မတည်ငြိမ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံရေးပါတီများအားလုံး ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအပေါ် နိုင်ငံတကာက ဖိအားပေးလာစေရန် ကြိုးပမ်းရမည်ဟုလည်း ၎င်းက တိုက်တွန်းခဲ့သည်။
ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဤပြဿနာကို လူသားချင်းစာနာထောက်ထားမှုတစ်ခုတည်းထက် ဗျူဟာမြောက် ရှုထောင့်မှ ကြည့်မြင်ရန် လိုအပ်ကြောင်းနှင့် ရခိုင်ပြည်နယ်သည် မကြာမီ ကွန်ဖက်ဒရိတ်ပြည်နယ် သို့မဟုတ် ထိုထက်ပိုသော အခြေအနေသို့ ရောက်ရှိလာနိုင်သဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ရိုက်ဖြစ်စေ၊ တတိယအဖွဲ့အစည်းများမှတစ်ဆင့် ဖြစ်စေ ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ထားရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးစင်္ကြံ စီမံကိန်းများကိုလည်း ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် လဲလှယ်အသုံးချနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက အကြံပြုထားသည်။