ရိုဟင်ဂျာ ဒုက္ခသည်များပြန်ပို့မည့် အစီအစဉ် ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့ ၁၆၆ ဖွဲ့ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
မလေးရှားနိုင်ငံ၌ ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည့် အစီအစဉ်ကို အမြန်ဆုံး ရပ်ဆိုင်းရန် အရပ်ဘက် အဖွဲ့အစည်း ၁၆၆ ဖွဲ့က မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ထံ တောင်းဆိုလိုက်သည်။
အကူအညီပေးရေး အဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရပါက ဒုက္ခသည်များအနေဖြင့် အကြမ်းဖက် ဖိနှိပ်မှုများနှင့် ရင်ဆိုင်ရမည့်အပြင် စစ်အုပ်စုနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းကိုပါ ခံရနိုင်ကြောင်း သတိပေးထားသည်။
မလေးရှားအစိုးရသည် ထိန်းသိမ်းရေးစခန်းများရှိ ဒုက္ခသည် ၅,၀၀၀ နီးပါးအား ပြန်လည်ပို့ဆောင်ရန် စစ်အုပ်စုနှင့် သဘောတူညီထားပြီး၊ ပထမအသုတ်အဖြစ် လူ ၁,၄၀၀ ကျော်အား စက်တင်ဘာ ၂၉ ရက်တွင် မြန်မာစစ်သင်္ဘောများဖြင့် စတင်ပြန်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။
ထို့ပြင် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒုက္ခသည်အရေး ဆွေးနွေးရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား မလေးရှားသို့ ဖိတ်ခေါ်မည်ဟုပါ ပြောကြားခဲ့သည်။
မလေးရှား အရပ်ဘက် အဖွဲ့အစည်းများကမူ စစ်အုပ်စု ခေါင်းဆောင်အား ဖိတ်ခေါ်ခြင်းနှင့် ဒုက္ခသည်များအား အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်းတို့သည် မလေးရှား၏ နိုင်ငံတကာ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာစစ်တပ်၏ လူမျိုးတုံး သတ်ဖြတ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရာ ရောက်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများကို ဘက်စုံစိစစ် သုံးသပ်ခြင်း မပြုမီ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး အစီအစဉ် အားလုံးကို ချက်ချင်း ရပ်ဆိုင်းထားရန် အဆိုပါ အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။