တရားရုံးအမိန့်ထုတ်သော်လည်း သတင်းသမားများကို အိမ်ဖြူတော်ဝင်ခွင့် ဆက်လက်တားမြစ်ထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
သတင်းဌာနများကို ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ဖက်ဒရယ်တရားသူကြီးက အမိန့်ထုတ်ပြန် ခဲ့သော်လည်း POLITICO သတင်းထောက်တစ်ဦး၏ အိမ်ဖြူတော် သတင်းထောက်ကတ်ကို သောက်ကြာနေ့ နံနက်ပိုင်းတွင် လျှို့ဝှက် ထောက်လှမ်းရေး (Secret Service) အဖွဲ့က သိမ်းဆည်းလိုက်သည်။
MS NOW နှင့် CNN သတင်းဌာနများ၏ သတင်းထောက်များကိုလည်း ဝင်ရောက်ခွင့် ငြင်းပယ်ခဲ့သည်။
အဆိုပါ သတင်းဌာန သုံးခုသည် “သတင်းအမှားများ” ထုတ်လွှင့်နေသည်ဟုဆိုကာ သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ဖြင့် လွန်ခဲ့သည့် စနေနေ့ကတည်းက တားမြစ်ခံထားရခြင်း ဖြစ်သည်။
အမေရိကန် ဖက်ဒရယ် တရားသူကြီး တိမိုသီ ကယ်လီ (Timothy Kelly) က အဆိုပါ သတင်းဌာနများကို အိမ်ဖြူတော်အတွင်း အနည်းဆုံး နှစ်သီတင်းခန့် ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ကြားဖြတ်အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
သတင်းဌာနများ၏ ရှေ့နေဖြစ်သူ တက်ဒ် ဘားထရပ်စ် (Ted Boutrous Jr.) က အစိုးရ၏ တရားရုံးအမိန့်ကို မလိုက်နာမှုနှင့် ပတ်သက်၍ အရေးပေါ် ကြားနာပွဲပြုလုပ်ပေးရန် တရားသူကြီးထံ တောင်းဆိုခဲ့သည်။
သတင်းထောက်များက တရားရုံးအမိန့်အရ ဝင်ရောက်ခွင့်ရရှိထားကြောင်း ရှင်းပြခဲ့သော်လည်း လျှို့ဝှက် အေးဂျင့်များက အထက်မှ ခွင့်ပြုချက်မရသေးဘဲ ကတ်များကို ပိတ်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ တရားရေးဌာနကမူ တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် အဆိုပါ သတင်းဌာနများ၏ ဝင်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားရန် တရားရုံးတွင် လျှောက်လဲခဲ့သည်။
သို့သော် တရားသူကြီး ကယ်လီက သမ္မတ ထရမ့်၏ တားမြစ်မှုသည် လုံခြုံရေးကြောင့် မဟုတ်ဘဲ သတင်းဖော်ပြချက်များကို မကျေနပ်၍ ဖြစ်ကြောင်းနှင့် သတင်းထောက်များ၏ အခွင့်အရေးကို ချိုးဖောက်ထားကြောင်း ထောက်ပြခဲ့သည်။
အိမ်ဖြူတော်၏ ယခုကဲ့သို့ မီဒီယာများအပေါ် တားမြစ်မှုအပေါ် ပူးပေါင်းဆန့်ကျင်သည့်အနေဖြင့် အမေရိကန် နာမည်ကြီး သတင်းဌာနအချို့သည်လည်း အိမ်ဖြူတော် သတင်းများကို သပိတ်မှောက်သည့်အနေဖြင့် သတင်းယူခြင်းနှင့် သတင်းဓာတ်ပုံများ ဖြန့်ဝေခြင်းကို ငြင်းဆန်ထားကြသည်။