ရှီကျင့်ပင်ကို ဒေါ်နယ်ထရန့်က လေဆိပ်ထိသွားရောက်ကြိုဆို၊ ကုန်သွယ်စစ်ရပ်စဲမှု သက်တမ်းတိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
အမေရိကန်နိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်သမ္မတ ရှီကျင်းပင်ကို သမ္မတ ဒေါ်နယ်ထရန့်က လေယာဉ်ပြေးလမ်းအထိ ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲထားမှုကို လာမည့် ဇန်နဝါရီလအထိ သက်တမ်းတိုးမြှင့်လိုက်သည်။
တရုတ်သမ္မတ ရှီကျင်းပင်သည် သုံးရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဝါရှင်တန်ဒီစီမြို့အနီးရှိ အင်ဒရူးစ် လေတပ်စခန်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အဆိုပါ ကြိုဆိုပွဲ အခမ်းအနားတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် ဇနီး မီလာနီယာ ထရန့်တို့က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဇနီး ပုန့်လီးယွမ် တို့ကို ကော်ဇောနီ ခင်းကျင်း၍ ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြသည်။
ထို့ပြင် ဂုဏ်ပြုတပ်ဖွဲ့များ၊ အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုမှုများနှင့် B-1 ဗုံးကြဲလေယာဉ်များဖြင့် ဝေဟင်မှ ပျံသန်း ဂုဏ်ပြုခဲ့ကြသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) က နိုဝင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော နှစ်နိုင်ငံ ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲထားမှုကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးက အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမှုများကို လျှော့ချထားပြီး ကုန်သွယ်ရေး ကန့်သတ်ချက်အသစ်များ မပြုလုပ်ရန် သဘောတူထားကြသည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးပွဲများနှင့် ဂုဏ်ပြုညစာစားပွဲများ ကျင်းပမည်ဖြစ်ကာ အန်ဗီးဒီးယား (Nvidia) ဥက္ကဋ္ဌ ဂျင်ဆန်ဟောင်းနှင့် စပေ့စ်အိက်စ် (SpaceX) ပိုင်ရှင် အီလွန်မတ်စ်ခ် အပါအဝင် နည်းပညာ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။
အမေရိကန် အထက်လွှတ်တော်အမတ်အချို့က တရုတ်ခေါင်းဆောင်အပေါ် အထူးတလည် ကြိုဆိုမှုအပေါ် ဝေဖန်မှုများ ရှိနေသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို ကမူ ကမ္ဘာ့စီးပွားရေးနှင့် စစ်ရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား ထိပ်သီးအဆင့် ထိတွေ့ဆက်ဆံမှုသည် မရှိမဖြစ် လိုအပ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။