အရှေ့အလယ်ပိုင်း စစ်ပွဲပိုမို ကျယ်ပြန့်လာ၊ အမေရိကန်နှင့် အစ္စရေး ခေါင်းဆောင်များ တွေ့ဆုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
အရှေ့အလယ်ပိုင်းဒေသ၌ အီရန်၊ အမေရိကန်နှင့် အစ္စရေးတို့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်လျက်ရှိပြီး စစ်ပွဲအတွင်း ပါဝင်သည့် နိုင်ငံနှင့် အဖွဲ့အစည်းများ ပိုမိုများပြားလာနေပါသည်။
ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက်၊ အမေရိကန် စစ်တပ်က အီရန်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ ဌာနချုပ်များနှင့် ဒုံးကျည်စခန်းများကို အပြင်းအထန် လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် အီရတ်နိုင်ငံအတွင်းရှိ အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်စခန်းများကိုလည်း အမေရိကန်နှင့် ဆော်ဒီအာရေးဗီးယားတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) အဖွဲ့ဝင် ၄ ဦးအပါအဝင် အနည်းဆုံး လူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်။
တစ်ချိန်တည်းမှာပင် အီဂျစ်နိုင်ငံ ဒါမီယက်တာ (Damietta) ဆိပ်ကမ်း၌ သဘာဝဓာတ်ငွေ့တင် သင်္ဘော ၂ စီး ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
ကမ္ဘာ့ကုန်သွယ်ရေးနှင့် စွမ်းအင်လမ်းကြောင်းများ ခြိမ်းခြောက်ခံနေရသဖြင့် ကုန်သွယ်ရေး သင်္ဘောများ၏ လုံခြုံရေးအတွက် မဟာမိတ် ရေကြောင်းကာကွယ်ရေး တပ်ဖွဲ့ (Maritime Defense Alliance) ဖွဲ့စည်းရန် ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုထားသည်၊။
အဆိုပါ အဆိုပြုချက်ကို အီဂျစ်၊ တူရကီ၊ ပါကစ္စတန် အပါအဝင် ၁၄ နိုင်ငံက ဇူလိုင်လ ၃၀ ရက် ကြာသပတေးနေ့တွင် တရားဝင် ထောက်ခံလိုက်ကြသည်။
ဝါရှင်တန်ဒီစီ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုတို့ တွေ့ဆုံခဲ့ကြပြီး အီရန်၏ နျူကလီးယားအစီအစဉ်ကို တားဆီးရန် သံတမန်ရေး၊ စီးပွားရေး ပိတ်ဆို့မှုနှင့် စစ်ရေးအရ အကြီးအကျယ် တိုက်ခိုက်မှုအပါအဝင် နည်းလမ်းမျိုးစုံကို ထည့်သွင်းဆွေးနွေး ခဲ့ကြကြောင်း အစ္စရေး အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။