အင်အားပြင် အယ်လ်နီညိုကြောင့် လူပေါင်း ၄၅၀,၀၀၀ သေဆုံးနိုင်ကြောင်း သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

အင်အား အလွန်ပြင်းထန်သည့် “Super-sized El Niño” ဖြစ်စဉ်နှင့် ကမ္ဘာ့အပူချိန် မြင့်တက်မှုတို့ ပေါင်းစပ်လိုက်ပါက လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာတစ်ဝန်း အပူလွန်ကဲမှုကြောင့် လူပေါင်း ၄၅၁,၀၀၀ ခန့် ထပ်မံ အသက်ဆုံးရှုံးနိုင်ကြောင်း Climate Impact Lab သုတေသနအဖွဲ့၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

အယ်လ်နီညို ဖြစ်စဉ်ကြောင့် လာမည့်လများအတွင်း ကမ္ဘာ့ကုန်းမြေ အပူချိန်သည် ပုံမှန်ထက် ၁.၂ ဒီဂရီ စဲလ်စီးယပ်စ် (၂.၁ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်လာနိုင်ပြီး ပုံမှန်နှစ်များထက် အပူလွန်ကဲသည့်ရက်ပေါင်း ၄၄ ရာခိုင်နှုန်းအထိ တိုးလာမည် ဖြစ်သည်။

ယင်းကြောင့် ၂၀၂၆ ခုနှစ် ဇွန်လမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပုံမှန် သေဆုံးမှုနှုန်းထက် လူပေါင်း ၄၅၁,၀၀၀ ပိုမို သေဆုံးနိုင်သည်ဟု ခန့်မှန်းထားသည်။

ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲသည့် နိုင်ငံများ (Global South)ကို အဓိက ထိခိုက်မည်ဖြစ်သည်။

နိုက်ဂျီးရီးယားနိုင်ငံတွင် သေဆုံးသူ ၃၁,၄၀၀ ဦးအထိ စံချိန်တင် အများဆုံး ဖြစ်နိုင်ကာ အင်ဒိုနီးရှား၊ ဆူဒန်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့လည်း အန္တရာယ်ကြီးမားသည့် စာရင်းတွင် ပါဝင်သည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း သေဆုံးသူ ၃,၅၀၀ ခန့် ရှိနိုင်သည်ဟု သုတေသနက ခန့်မှန်းသည်။

ယခုအစီရင်ခံစာသည် သုတေသနအဖွဲ့များ၏ အချင်းချင်း စိစစ်သုံးသပ်မှု (Peer-review) လုပ်ငန်းစဉ် အပြည့်အဝ မပြီးသေးသော်လည်း၊ အယ်လ်နီညို၏ ပြင်းအား မြန်ဆန်စွာ တိုးတက်လာမှုကြောင့် အစိုးရများနှင့် မူဝါဒချမှတ်သူများ အချိန်မီ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အမြန်ဆုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အပူလွန်ကဲမှု အန္တရာယ်မှ လူ့အသက်များကို ကာကွယ်ရန်အတွက် အပူဒဏ်ကို စောလျင်စွာ သတိပေးစနစ်များ ထူထောင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံချက်များ ဆွဲခြင်း၊ အအေးပေးနှင့် ရေဓာတ်ဖြည့်တင်းရေး စခန်းများ ဖွင့်လှစ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများကို တိုးမြှင့်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။