မြန်မာလေယာဉ်ချဉ်းကပ်လာသဖြင့် ထိုင်း F-16 များ ပျံတက်ဟန့်တားခဲ့ရ၊ နယ်စပ် ဂိတ်အချို့ ပြန်ဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ကရင်ပြည် မြဝတီတောင်ဘက် ဖလူး-မင်းလက်ပံဒေသ တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်သို့ မသင်္ကာဖွယ် လေယာဉ်တစ်စီး ချဉ်းကပ်လာသဖြင့် ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်များ အရေးပေါ် ပျံတက်၍ ဟန့်တားခဲ့ရသည်။
ထို့ပြင် တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် ပိတ်ထားခဲ့ရသည့် သဘာဝ မြစ်ကူးဂိတ်အချို့ကိုလည်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။
နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် တာ့ခ် (Tak) ပြည်နယ်၊ ဖုတ်ဖရာ့မြို့နယ် အနီးသို့ မသင်္ကာဖွယ် လေယာဉ် တစ်စီး ရောက်ရှိလာသည်ကို ထောက်လှမ်းတွေ့ရှိခဲ့ရသဖြင့် ထိုင်းလေတပ်က အရေးပေါ် တုံ့ပြန် သတိပေး မှု စံနှုန်းများနှင့်အညီ F-16 တိုက်လေယာဉ်များကို ပျံတက်စေခဲ့ခြင်းဖြစ်သည်။
အဆိုပါ မသင်္ကာဖွယ် လေယာဉ်သည် မြန်မာစစ်အုပ်စုတပ်၏ စစ်လေယာဉ် ဟုတ်၊ မဟုတ်ကို ထိုင်းတော်ဝင် လေတပ် ထုတ်ပြန်ချက်တွင် တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း ထိုင်းနယ်စပ် လေပိုင်နက်နှင့် ပြည်သူတို့၏ လုံခြုံရေးအတွက် အချိန်ပြည့် ကာကွယ်စောင့်ရှောက်သွားမည်ဟု အာမခံ ပြောဆိုထားသည်။
ထို့ပြင် နိုဝင်ဘာလ ၈ ရက်နေ့၌ပင် ထိုင်းနယ်စပ်နှင့် ထိစပ်နေသော KNU နယ်မြေအတွင်း စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန် သံလွင်မြစ်ကမ်းဘေးရှိ သော်လဲထာကျေးရွာသို့ ထိုင်းစစ်တပ် အရာရှိအချို့ လာရောက် ကြည့်ရှုခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ဒီနေ့ထိ လုံခြုံရေး အခြေအနေက တင်းကျပ်ထား တုန်းပဲ။ ထိုင်းစစ်သားတွေ နယ်ခြားစောင့်အဖွဲ့တွေ အာဏာပိုင်းတွေ ရှိနေတယ်။ အသင့်ပုံစံမျိုးပေါ့ဗျာ။ သတိ ထားကြဖို့လည်း လူထုကို ကြေညာပေးနေတုန်းပဲ။ ကိုယ်တို့ နိုင်ငံဘက်က အခြေအနေကလည်း တိတ်သွားတာ မျိုးမှ မရှိတာ။ တိုက်ပွဲသံ၊ လက်နက်ကြီးသံ၊ လေယာဉ်ဝဲတာတွေ ဆက်တိုက်ပဲ ရှိနေတုန်းဆိုတော့။ အခြေ အနေကတော့ စောင့်ကြည့်ရအုံးမှာပဲ” ဟု ပြောသည်။
အခြားတစ်ဖက်တွင်လည်း မြဝတီတောင်ဘက်ခြမ်း ဖလူး-မင်းလက်ပံ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း လက်နက်ကြီးကျည်များနှင့် ဒရုန်းဗုံးသီးအချို့ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာ အုပ်စုအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ရသည်။
ထို့ကြောင့် မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ ဆုံဆည်းမြိုင်နှင့် မော်လီချိုင်း စသည့် သဘာဝ မြစ်ကူးဂိတ်များကို ထိုင်းအာဏာပိုင်များက အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ၁ ပတ်ကြာ ယာယီ ပိတ်ထားခဲ့ရသည်။
နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင်မူ အဆိုပါ သဘာဝ မြစ်ကူးဂိတ်များနှင့် လှေဂိတ်များကို ထိုင်းအာဏာပိုင် များက ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သဖြင့် စစ်ဘေးရှောင် ပြည်သူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ဒေသခံများအတွက် ကုန်စည်ကူးသန်း သွားလာရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြန်လည် အဆင်ပြေလာခဲ့သည်။
အုန်းဖျန်စစ်ရှောင်စခန်းမှ မဲဆောက်ကို ရောက်ရှိသော စစ်ရှောင်အမျိုးသားတစ်ဦးက “သောကြာနေ့ကတည်းက စဖွင့်တယ်။ ဒီနေ့ တနင်္လာနေ့လည်း ပုံမှန်ပဲ ဖွင့်ထားတယ်။ ကလေးတွေ ကျောင်းသွား ပုံမှန်သွားလာနေကြ တယ်။ အသံတွေကလည်း ကြားနေရတုန်းပဲ။ ဒီလိုပဲ သတိနဲ့ သွားလာကြတာပေါ့။ လိုအပ်ရင်တော့ ဂိတ်တွေ လည်း ထပ်ပိတ်နိုင်တာပဲလေနော်။ ဒီနယ်စပ်ရေဂိတ်တွေရဲ့ အဖွင့်အပိတ်ကိစ္စတွေက မြန်မာဘက်က တိုက်ပွဲ အခြေအနေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်” ဟု ပြောသည်။
သို့သော်လည်း စစ်အုပ်စုတပ်က KNLA ပူးပေါင်းတပ်များထံ လက်လွှတ်ထားရသည့် နယ်စပ်စခန်းများကို ပြန်လည်ရရှိရေးနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသအား ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုး ထိုးစစ်ဆင် လျက်ရှိရာ တိုက်ပွဲများအတွင်းမှ ကျည်ဆန်နှင့် ဗုံးသီးများ ထိုင်းဘက်သို့ မကြာခဏ ကျရောက်ပေါက်ကွဲ နေသဖြင့် နယ်စပ်ဂိတ်များ ထပ်မံ ပိတ်ပင်ခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
နယ်စပ်နေ မြန်မာတစ်ဦးက “နယ်စပ်ဘက်မှာ စစ်အုပ်စုက လေကြောင်းကော လက်နက်ကြီးနဲ့ပါ ဆက်တိုက် ပစ်နေတော့ ထိုင်းဘက် ကျည်ကျတာတွေ ခဏခဏ ဖြစ်တယ်။ ဂိတ်တွေ ပြန်ဖွင့်ပေးပေမဲ့ နယ်စပ်မှာ တိုက်ပွဲ တွေက ပြင်းနေတုန်းဆိုတော့ ထိုင်းဘက်က စစ်တပ်နဲ့ လုံခြုံရေးတွေလည်း တင်းကျပ်ထားတုန်းပဲ” ဟု ပြော သည်။
စစ်အုပ်စုတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား ပြီးခဲ့သည့်နှစ်မှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း မှ ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၌ ထိခိုက်ဒဏ်ရာရသူ ၅ ဦးထက်မနည်း ရှိခဲ့သလို စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၉ လုံးထက်မနည်း ပျက်စီးခဲ့ဖူးသည်။
ထို့ကြောင့် မြန်မာဘက်ခြမ်း၌ စစ်ရေးအရိပ်အယောင်များ စိုးမိုးနေဆဲ ဖြစ်သည့်အတွက် ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက် လုံခြုံရေးကို ယခင်ကထက် ပိုမို တင်းကြပ်စွာ ချထားပြီး စောင့်ကြည့်လျက်ရှိသည်။
ပုံစာ – ထိုင်း-မြန်မာနယ်စပ် ကမ်းကူးဂိတ် မြင်ကွင်းတစ်နေရာ။ (ဓာတ်ပုံ – สวท.แม่สะเรียง – Radio Thailand Mae Sariang)
#F16 #Thaimyanmarborder