အန်းဒရွိုက်ဖုန်းများအား လိုင်းပျက်ကျစေသည့် လုံခြုံရေး အားနည်းချက်သစ် တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်။
အန်းဒရွိုက် (Android) စနစ်သုံး ဖုန်းများတွင် ဖုန်းနံပါတ် သိရှိရုံမျှဖြင့် စာတိုပေးပို့ကာ ဖုန်းလိုင်းစနစ်ကို ပျက်ကျစေနိုင်သည့် “SMS of Death” လုံခြုံရေး အားနည်းချက်သစ်ကို နည်းပညာ သုတေသီများက စုံစမ်းတွေ့ရှိထားသည်။
အဆိုပါ လုံခြုံရေး အားနည်းချက်သည် ဖုန်းပိုင်ရှင်က မက်ဆေ့ခ်ျကို ဖွင့်ကြည့်ရန်ပင် မလိုဘဲ အထူးပြင်ဆင်ထားသည့် စာတို ဝင်ရောက်သည်နှင့် ဖုန်း၏ လိုင်းစနစ်ကို အလိုအလျောက် ပျက်ကျသွားစေသည့် အမျိုးအစားဖြစ်သည်။
တိုက်ခိုက်ခံရပါက ပြောလက်စ ဖုန်းကောလ်များ ချက်ချင်း ပြတ်တောက်သွားခြင်း၊ ဖုန်းလိုင်း ခတ္တ ပျောက်ကွယ်သွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
အကယ်၍ ထိုစာတိုကို ဆက်တိုက် ပေးပို့ခံရပါက ဖုန်းမှာ ပုံမှန် အသုံးပြု၍ မရတော့ဘဲ ခဏခဏ ပိတ်ပြီး ပြန်လည်ပွင့်နေသည့် Reboot Loop စက်ကွင်းထဲသို့ ရောက်ရှိသွားနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူများက ထောက်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် အန်းဒရွိုက် အသုံးပြုသူများအနေဖြင့် မိမိတို့ ဖုန်းအတွင်းသို့ Android System Update နှင့် Security Update များ ရောက်ရှိလာပါက ချက်ချင်း အဆင့်မြှင့်တင် (Update) ထားကြရန် လိုအပ်သည်။
Android 14 နှင့် အထက် ဖုန်းများအတွက်မူ လုံခြုံရေး အပ်ဒိတ်များကို ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများက ထည့်သွင်း ပြုပြင်ပေးထားပြီး ဖြစ်သည်။
လုံခြုံရေး အပ်ဒိတ် ဆက်လက် မရရှိတော့သည့် ဖုန်းဟောင်းများ သို့မဟုတ် အပ်ဒိတ် မပြုလုပ်ရသေးသည့် ဖုန်းများမှာမူ ထိုအန္တရာယ်အောက်တွင် ကျန်ရှိနေဆဲဖြစ်သဖြင့် လုံခြုံရေး အဆင့်မြှင့်ထားသည့် ဖုန်းသစ်များသို့ ပြောင်းလဲ အသုံးပြုကြရန် ပညာရှင်များက တိုက်တွန်းထားသည်။