မြောက်ကိုရီးယား စစ်သုံ့ပန်း ၂ ဦးအား ယူကရိန်းက တောင်ကိုရီးယားသို့ လွှဲပြောင်းပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ရုရှား-ယူကရိန်း စစ်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့သည့် မြောက်ကိုရီးယား စစ်သုံ့ပန်း နှစ်ဦးကို တောင်ကိုရီးယားနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီး က ထုတ်ဖော်ပြောကြားလိုက်သည်။

နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် သမ္မတ ဇယ်လန်းစကီး က ယူကရိန်းစစ်တပ်က ဖမ်းဆီးထားသည့် မြောက်ကိုရီးယား စစ်သုံ့ပန်း နှစ်ဦးကို တောင်ကိုရီးယားနိုင်ငံသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၎င်း စစ်သားနှစ်ဦးသည် လွန်ခဲ့သည့်နှစ် ဇန်နဝါရီလအတွင်း ရုရှားနိုင်ငံ ကာ့စ်ခ် (Kursk) ဒေသ တိုက်ပွဲများ၌ ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။  

ဖမ်းဆီးခံရစဉ်အတွင်း စစ်သားတစ်ဦးမှာ မိမိကိုယ်ကို အဆုံးစီရင်ရန်အထိ ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

မူလက အဆိုပါ စစ်သုံ့ပန်းများကို ရုရှားထံ ရောက်ရှိနေသည့် ယူကရိန်း စစ်သုံ့ပန်းများနှင့် လဲလှယ်ရန် စဉ်းစားခဲ့သော်လည်း၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ သတိပေးမှုများနှင့် အဆိုပါ စစ်သားများ၏ တောင်ကိုရီးယားတွင် ခိုလှုံလိုသည့် ဆန္ဒအရ တောင်ကိုရီးယားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အစိုးရကလည်း ရုရှားဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည့် မြောက်ကိုရီးယား စစ်သုံ့ပန်းများကို လက်ခံသွားမည်ဖြစ်ပြီး မြောက်ကိုရီးယားသို့ ပြန်လည်လွှဲပြောင်းပေးမည် မဟုတ်ကြောင်း လွန်ခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန်ထားခဲ့သည်။ ယူကရိန်းနှင့် တောင်ကိုရီးယား သတင်းရင်းမြစ်များ၏ ခန့်မှန်းချက်အရ မြောက်ကိုရီးယားသည် ၂၀၂၄ ခုနှစ်မှစ၍ ရုရှားအား ကူညီရန် စစ်သည်အင်အား ၁၄,၀၀၀ မှ ၁၅,၀၀၀ ဝန်းကျင်နှင့် လက်နက်ခဲယမ်း အမြောက်အမြား ပံ့ပိုးပေးထားသည်။