ရေဘေးဒဏ်ခံနေရသော ဧရာဝတီတွင် စစ်တပ် ဗုံးကြဲ၍ ဂွမှ စစ်ရှောင် ညီအစ်ကို ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း မြို့နယ်အစပ်၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ လာရောက် စစ်ဘေးရှောင်နေသည့် ညီအစ်ကို ၂ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

ဖြစ်စဉ်မှာ ရေကြည်-သာပေါင်းအစပ် တောတန်းများ၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ အနီးဝန်း ကျင်နှင့် သဲဖြူကျေးရွာအနီးတို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား ဩဂုတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာပေါင်းမြို့နယ်၊ သဲဖြူကျေး ရွာတွင် လာရောက် စစ်ဘေးရှောင်နေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ အသက် ၃၀ အရွယ် ကိုလှထွေးနှင့် အသက် ၄၀ အရွယ် ကိုငစိုးတို့ ညီအစ်ကို ၂ ဦး သေဆုံးခဲ့ပြီး လူနေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်။

ရေကြည်ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ၅ ရက်နေ့က စစ်တပ်ဗုံးကြဲတာမှာ သဲဖြူ ရွာမှာနေတဲ့ ရခိုင်က ဂွမြို့စစ်ရှောင် ညီအစ်ကိုနှစ်ယောက်သေပြီး အိမ်တွေလည်း ပျက်စီးတယ်။ နောက်ရက် တွေမှာလည်း ရေကြည်-သာပေါင်းအစပ် တောတန်းတွေမှာ ဗုံးကြဲတာတွေ တိုက်ပွဲဖြစ်တာတွေဆက်တိုက်ပဲ။ ရိုးမအစပ်ရွာတွေကိုလည်း ကြဲနေတာဟု ပြောသည်။

သဲဖြူကျေးရွာသည် သာပေါင်းမြို့နယ်အတွင်း ပါဝင်ပြီး ရေကြည်မြို့နယ်ပိုင် ကမ္ဘားကြီးကျေးရွာနှင့် နီးကပ်စွာ တည်ရှိသည်။ 

ယခုရက်ပိုင်းအတွင်း အဆိုပါ နေရာများ၌ တိုက်ပွဲများ ဖြစ်ပွားရာတွင် စစ်တပ်ဘက်မှ အထိနာနေသည့်အတွက် လူနေကျေးရွာများကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့ပြင် ဩဂုတ်လဆန်းပိုင်းက သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီး တိုက်ပွဲတွင် AA ဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း သာပေါင်းကလေးကျေးရွာ အနီးဝန်းကျင် ၌ တိုက်ပွဲအချို့ ဆက်လက်ဖြစ်ပွားနေကာ စစ်တပ်က ရွာအနီးဝန်းကျင်သို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

သာပေါင်းဒေသခံ အမျိုးသားတစ်ဦးက သာပေါင်းလေး၊ သဲဖြူရွာနားတွေကို စစ်တပ်ကထပ်ကြဲတာတွေ ရှိ သလို လက်နက်ကြီးတွေလဲပစ်ကူနေတယ်၊ အေအေက ကြားဖြတ်တိုက်တော့ ရှေ့တိုးလို့မရဘူး ဟု ပြောသည်။

စစ်တပ်သည် ရခိုင်ရိုးမ တောင်ခြေတစ်လျှောက်ရှိ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်နှင့် သာပေါင်းမြို့နယ်များမှ တစ်ဆင့် ရခိုင်ပြည် တောင်ပိုင်းသို့ စစ်ကြောင်းထိုးရန်နှင့် တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။

လက်ရှိတွင် ရေကြည်နှင့် သာပေါင်းမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာများသို့ အနောက်လတ်ပိုင်းတိုင်း စစ်ဌာနချုပ် (နတခ) ထံမှတစ်ဆင့် တပ်မ (၆၆) လက်အောက်ခံ ခလရ (၁)၊ ခလရ (၁၁) တပ်ရင်းများ အင်အား ဖြည့်တင်းကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းရှိ လေးမျက်နှာ၊ ရေကြည်နှင့် သာပေါင်းမြို့နယ်များအတွင်း စစ်ရေးအရ အရေးပါသည့် စခန်းအချို့ ကို AA က ဆက်တိုက် သိမ်းပိုက်ထားသဖြင့် စစ်တပ်က ရိုးမတောင်ခြေတစ်လျှောက်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း စစ်အုပ်စု ဒုတိယခေါင်းဆောင် ဦးညိုစောသည် ဩဂုတ်လ ၅ ရက်နေ့က ပုသိမ်မြို့သို့ သွားရောက်ခဲ့သလို စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည်လည်း ဩဂုတ်လ ၈ ရက်နေ့တွင် ပုသိမ်၊ ဟင်္သာတနှင့် မအူပင်မြို့များသို့ သွားရောက်ကာ ရေဘေးသင့် မြို့နယ်အချို့ကို ရဟတ်ယာဉ်ဖြင့် လိုက်လံကြည့်ရှု ခဲ့သည်။